17/07/2025
သီလ လုံးဝမကျိုးတဲ့
ဆောက်တည်နည်း
ဗုဒ္ဓဘာသာဝင်
တစ်ယောက်အတွက်
ဒါန၊ သီလ၊ ဘာဝနာသည်
အရေးကြီးပါသည်။
ဒါန၊ သီလ၊ ဘာဝနာ
သုံးပါးထဲတွင် ဘယ်တရားက
အရေးကြီးဆုံးလဲ?
ရဟန်းတော်တွေအတွက်
ဒါနမပြုလို့
အာပတ်သင့်စေဆိုတဲ့
သိက္ခာပုဒ် မရှိသလို
ဝိပဿနာဘာဝနာ မပွားလို့
အာပတ်သင့်စေဆိုတဲ့
သိက္ခာပုဒ်လည်း မရှိပါဘူး။
ဒါပေမယ့်
သီလဖောက်ဖျက်ရင်တော့
အာပတ်သင့်စေဆိုတဲ့
သိက္ခာပုဒ်တွေက
အသင့်ရှိနေပါတယ်။
ဒီလိုပါပဲ…
လူတွေအနေနဲ့လည်း
ဒါနမပြုလို့ အပြစ်သင့်စေ၊
ဝိပဿနာဘာဝနာ မပွားလို့
အပြစ်သင့်စေ ဆိုတဲ့
သိက္ခာပုဒ် မရှိပါဘူး။
ဒါပေမယ့်
သီလဖောက်ဖျက်လို့ကတော့
အပြစ်သင့်မှာပါ။
သီလလုံခြုံနေရင် ပြီးတာပါပဲ၊
ဒါနမပြုလည်း ကိစ္စမရှိပါဘူး၊
ဝိပဿနာမပွားလည်း
ကိစ္စမရှိပါဘူးလို့
ဆိုလိုတာ မဟုတ်ဘူးနော်…
ဒါန၊ သီလ၊ ဘာဝနာမှာ
သီလက အရေးကြီးဆုံးလို့
ဆိုလိုတာပါ။
အကြောင်းကြောင်းကြောင့်
ဒါနနဲ့ ဘာဝနာကို
မလုပ်နိုင်သေးရင်တောင်
သီလကိုတော့ အထူးသတိထား
စောင့်ထိန်းရမှာပါ။
ကိုယ့်ရဲ့ခင်ပွန်း၊ ဇနီးမယား၊
သားသမီး၊ မိဘ၊ ရာထူး၊
အာဏာ၊ ပစ္စည်းဥစ္စာ၊
ငွေကြေးတွေကတော့
ကိုယ်နဲ့အမြဲ မနေနိုင်ပါဘူး။
ဒီသဘောလေးကို အာရုံပြုပြီး
သီလကေတာ့
ငါရဲ့အားကိုးရာ အစစ်ပဲ။
ငါနဲ့ မခွဲမခွာ သေတဲ့အထိ
လိုက်လာမယ့် အားကိုးရာပဲ။
ငါ သီလကို
ကြိုးစားစောင့်ထိန်းသင့်တယ်လို့
မကြာမကြာ ဆင်ခြင်ပေးပြီး
စောင့်ထိန်းသင့်ပါတယ်။
ခန္ဓာရှိနေတဲ့အတွက်
စားဝတ်နေရေး ရှိနေတဲ့အတွက်
သက်ရှိသက်မဲ့
လောကီပစ္စည်းတွေကတော့
လိုအပ်နေတာပါပဲ။
ဒါပေမယ့် ကိုယ်က
အားကိုးရာ အတုနဲ့အစစ်ကို
ခွဲခြားပြီး သိနေဖို့ လိုပါတယ်။
❤️ သီလ( ၃ )မျိုး
သီလမှာလည်း…
၁။ ဟီနသီလ၊
၂။ မဇ်ဈိမသီလ၊
၃။ ပဏီတသီလ ဆိုပြီး
ရှိပါတယ်။
၁။ သူတစ်ပါးအထင်ကြီးအောင်
ထင်ရှားကျော်ကြားဖို့အတွက်
ဆောက်တည်တဲ့ သီလက
ဟီနသီလတဲ့။ ခပညှံ့ညံ့သီလပါ။
၂။ ကောင်းမှုအကျိုးကို
လိုလားတောင့်တပြီး
ဆောက်တည်တဲ့ သီလက
မဇ္ဈိမသီလတဲ့။
အလယ်အလတ်သီလပါ။
၃။ တရားရဲ့မြင့်မြတ်မှုကိုသာ
နှလုံးသွင်းပြီး မဂ်ဖိုလ်နိဗ္ဗာန်ကို
ရဖို့အတွက် ဆောက်တည်တဲ့
သီလကေတာ့ ပဏီတသီလတဲ့။
မြင့်မြတ်တဲ့သီလပါ။
❤️ သီလလုံးဝ မကျိုးတဲ့
ဆောက်တည်နည်း
သီလ လုံးဝမကျိုးတဲ့
ဆောက်တည်နည်း ရှိပါတယ်။
မင်းကွန်းဆရာတော်ဘုရားကြီးက
မဟာဗုဒ္ဓဝင်မှာ ရေးထားပါတယ်။
သီလကို တစ်နေ့လုံး
မဆောက်တည်နိုင်သေးရင်တောင်
ညမှာ တစ်နိုင်တစ်ပိုင်
ဆောက်တည်ဖို့
အသေအချာ ရေးထားပါတယ်။
ညပိုင်း အိပ်နေတဲ့အချိန်မှာ
သီလက မကျိုးပါဘူး။
စာထဲမှာ ကာလကို ပိုင်းဖြတ်ပြီး
စောင့်ထိန်းတဲ့ ကာလပရိယန္တ
သီလဆိုတာ ရှိပါတယ်။
ဥပမာ… ကိုယ်က ညမှာ
( ၁၁ )နာရီအိပ်ပြီး၊
မနက်( ၅ )နာရီ
အိပ်ရာထတယ် ဆိုပါစို့။
ဒီတော့ ညအိပ်ရာဝင်ခါနီးမှာ
ရှစ်ပါးသီလ၊ (သို့မဟုတ်)
ကိုးပါးသီလယူလိုက်ပြီး
ဘုရားတပည့်တော်
ည( ၁၁ )နာရီကေန၊
မနက်( ၅ )နာရီအထိ
သီလဆောက်တည်ပါ၏လို့
ကာလပိုင်းဖြတ်ပြီး
စောင့်ထိန်းလိုက်ရုံပါ။
လောကီထဲမှာ နေနေကြလို့
လောကီအကျိုးတွေနဲ့လည်း
မကင်းနိုင်ကြလို့
လောကီအကျိုးတွေအကြောင်း
ထည့်ပြောနေကြရတာပါ။
အမှန်တော့ သီလရဲ့အမြင့်ဆုံး
အကျိုးသတ္တိဟာ နိဗ္ဗာန်အထိ
ပို့ပေးနိုင်ပါတယ်။ သီလရဲ့
အကျိုး အဆက်ဆက်တွေကို
စာထဲမှာ အဝိပ္ပဋိသာရ၊ ပါမောဇ္ဇ၊
ပီတိ၊ ပဿဒ်ဓိ၊ သုခ၊ သမာဓိ၊
ယထာဘူတ၊ နိဗျဗိဒါ၊ ဝိရာဂ၊
ဝိမုတ္တိလို့ ဒီလိုပြထားပါတယ်။
❤️ သီလ အကျိုးတရား
ဒီပါဠိရဲ့အနက်မြန်မာပြန်ကို
တည်တောဆရာတော်
ဘုရားကြီးက…
သီလရှိတော့ စိတ်ကြည်၊
စိတ်ကြည်တော့ ဝမ်းမြောက်၊
ဝမ်းမြောက်တော့ နှစ်သက်၊
နှစ်သက်တော့ ငြိမ်းအေး၊
ငြိမ်းအေးတော့ ချမ်းသာ၊
ချမ်းသာတော့ တည်ကြည်၊
တည်ကြည်တော့ အမြင်မှန်၊
အမြင်မှန်တော့ ငြီးငွေ့၊
ငြီးငွေ့တော့ မဂ်မြင်၊
မဂ်မြင်တော့ ဖိုလ်ရောက်၊
ဖိုလ်ရောက်တော့ နိဗ္ဗာန်ဝင် တဲ့။
ကိုယ်ဖြည့်ကျင့်နေတဲ့ သီလဟာ
လောကီအကျိုး သက်သက်တင်
မဟုတ်ပါဘူး။ မဂ်ဖိုလ်နိဗ္ဗာန်အထိ
ပို့ပေးနိုင်တဲ့ သတ္တိရှိပါတယ်။
သြော်… ငါရဲ့သီလဟာ
မဂ်ဖိုလ်နိဗ္ဗာန်အထိ
ပို့ပေးနိုင်တယ်ဆိုတဲ့ အသိကလည်း
ရင်ထဲမှာ အစဉ်သဖြင့်
ရှိနေဖို့ လိုပါတယ်။
ဘဝမှာ မသိလို့ပဲ မှားခဲ့မှားခဲ့၊
သိလို့ပဲ မွားခဲ့မွားခဲ့၊
အပြစ်ကို အပြစ်မှန်းသိပြီး
နောင် စောင့်စည်းလိုတဲ့စိတ်နဲ့
သီလသိက္ခာပုဒ်တွေကို
ပြန်ဆောက်တည်လိုက်ရင်
သီလဖြူစင်သူ ဖြစ်သွားပါတယ်။
အဲဒီလိုမှမဟုတ်ပဲ မှားခဲ့တဲ့အတူတူ
မထူးပါဘူးလေဆိုပြီး
ဆက်ကာဆက်ကာ
မှားနေမယ် ဆိုရင်တော့
ယခုဘဝ နောင်ဘဝ အဆက်ဆက်
မကောင်းတော့ပါဘူး။
ထို့ကြောင့်…
သူတော်စင်တို့သည်လည်း
ဗုဒ္ဓဘာသာဝင်တစ်ယောက်အတွက်
နိဗ္ဗာန်ရဖို့ အဓိက ဆိုသည်ကို
သိရှိနားလည်သဘောပေါက်ကြပြီး
သီလကို တစ်ပိုင်တစ်နိုင်
ဆောက်တည်ကြကာ
ချမ်းသာသုခပြည့်ဝသော
မြတ်နိဗ္ဗာန်ကို ရရှိနိုင်ကြပါစေလို့
ဆုမွန်ကောင်း တောင်းပေးလိုက်ပါ
တယ်။
(ရဝေနွယ် - အင်းမ )
#မယ်ရစ် #တရားဓမ္မကုသိုလ်အဖြစ်ပြန်လည်မျှဝေပါသည် #နာယူမှတ်သားတရားတော်များ