30/06/2021
လက်ဖက်ရည်
#မင်းလူ
“လက်ဖက်ရည်အဖန် သောက်လျှင်ဖြင့် ကျက်သရေအမှန်ရောက်ပေလိမ့်၊ ကြံသလောက်ပြီးတဲ့ရည်”
ဟု စလေဆရာကြီးဦးပုညက ရေးခဲ့ပါသည်။
စာကြောင်းသုံးကြောင်း၊ စာလုံးရေအနည်းငယ်သာပါသော်လည်း အလွန် အဓိပ္ပာယ်ပြည့်ဝသောစာဖြစ်လေသည်။ လက်ဖက်ရည်ကြမ်းကိုသောက်လျှင် အလှကျက်သရေတိုးသည့်အပြင် အကြံအစည်လည်း ထမြောက်အောင်မြင်သည်ဟု အဓိပ္ပာယ်ကောက်နိုင်၏။ ချဲ့ထွင်စဉ်းစားလျှင် ဆင့်ပွားအနက်တွေ ရနိုင်ပါသေးသည်။
ဦးပုညတို့ခေတ်တွင် လက်ဖက်ရည်အကြမ်းကိုသာ သောက်လေ့ရှိသဖြင့် လက်ဖက်ရည်အဖန်ဟု ဆိုလိုက်ခြင်း ဖြစ်ပါလိမ့်မည်။ ယခုခေတ်လိုမျိုးဆိုလျှင်တော့...
“လက်ဖက်ရည်အချိုသောက်လျှင်ဖြင့် ကျက်သရေ အလိုလိုရောက်ပေလိမ့်၊ ဆိုသလောက်ပြီးတဲ့ရည်”
ဟု ရေးစပ်ကောင်းရေးစပ်ပေလိမ့်မည်။
အခုအခါတွင် လက်ဖက်ရည်ဆိုလျှင် လက်ဖက်ရည် အချိုကို ဆိုလိုကြောင်း အားလုံးသိပြီးဖြစ်သည်။ လက်ဖက်ရည် အကြမ်းကိုတော့ ရေနွေးကြမ်းဟု ခေါ်ကြ၏။ ကျွန်တော်တို့ငယ်ငယ်ကဆိုလျှင် ကာကာကုလားများနှင့် တရုတ်များသာ လက်ဖက်ရည်ဆိုင်ဖွင့်လေရှိကြသည်။ ဤသည်မှာလည်း သူဌေးဖြစ်လုပ်ကြသောလုပ်ငန်းများမဟုတ်ပေ။ လက်ဖက်ရည်ကို ဆိုင်ရှင်ကိုယ်တိုင်ဖျော်ပြီး စားပွဲထိုး ကောင်လေးတစ်ယောက်ငှားထားလျှင် ပြီးနိုင်သည်။ သောက်သူတွေကလည်း ဆိုင်မှာထိုင်သည်ထက် အိမ်၀ယ်သောက်တာက များသည်။ လက်ဖက်ရည်ဆိုင်ထိုင်တတ်သူများမှာ အဘိုးကြီးများနှင့် အလုပ်မရှိ အကိုင်မရှိသူများသာဖြစ်သည်။ ကျွန်တော်တို့ ဆယ်တန်းလောက်အထိ ဆရာ/ဆရာမများ၊ လူကြီးမိဘများက လက်ဖက်ရည်ဆိုင်ထိုင်သည့်အကျင့်ကို အားမပေးကြသေးချေ။
ခုကျတော့ လက်ဖက်ရည်ဆိုင်လုပ်ငန်းသည် တွင်ကျယ်လာသည်။ သတင်းစာတစ်စောင်ရှိလျှင် ပြီးသည့်အခြေအနေမှ ရေဒီယိုထားရသည့်အခြေအနေ၊ ခုကျတော့ ကက်ဆက်ဖွင့်မှ လက်ဖက်ရည်ဆိုင်ပီသသလိုဖြစ်လာသည်။ လက်ဖက်ရည်လုပ်ငန်းကို စီးပွားဖြစ်အကြီးအကျယ်လုပ်လာကြသည်။
မြို့လယ်ခေါင်တွင် တိုက်ခန်းကြီးများနှင့် ငွေ လေးငါးခြောက်သိန်း ရင်းပြီးလုပ်ကြသည်။ လမ်းဘေးလက်ဖက်ရည်ဆိုင် ကလေးတွေကလည်း စာရေးဆရာဆိုသူတွေ ပေါများသလိုပင် ပေါများလှသည်။ လမ်းဘေးဆိုင်ဆိုပြီး အထင်သေးလို့တော့မရ။ သူတို့ ၀င်ငွေကလည်း မသေးလှချေ။ နာမည်ကြီးလက်ဖက်ရည်ဆိုင်များဖြစ်ကြသော မုတ်ဆိတ်ဆိုင်၊ ရွှေလမင်း၊ လက်ရွေးစင်၊ ဘားလမ်း ထွန်းရီ၊ မောင်ထောင်လေးလမ်း ရွှေညာ၊ ပန်းဆိုးတန်း ရွှေမင်းသား၊ မြစံပယ် စသည်တို့မှာ ၀တၳုတွေထဲထည့်ရေး၊ သီချင်းတွေထဲ ထည့်ဆိုရလောက်အောင် အရေးပါနေကြလေသည်။
ထို့အပြင် ဘောလုံးလောက၌ “ခေါက်ဆွဲစားသည်”ဆိုသော ဝေါဟာရဖြစ်သလို ရုံးလောက၌လည်း “လက်ဖက်ရည်ဖိုး” ဆိုသောဝေါဟာရတစ်ခု တိုးလာသည်။ ထို့ကြောင့်ပင် “ကြံသလောက် ပြီးတဲ့ရည်” သို့တည်းမဟုတ် “ဆိုသလောက် ပြီးတဲ့ရည်”ဟု ခေါ်ထိုက်ပါပေ၏။
လက်ဖက်ရည်သည် ခုခေတ်မှာတော့ “စူပါစတား” စာရင်း၀င် ဖြစ်လာသည်။ အဘယ်ကြောင့်နည်း။ ရှင်းပါ၏။ လက်ဖက်ရည်ကြိုက်သူတွေ များလာသောကြောင့်ဖြစ်သည်။ လက်ဖက်ရည်မကြိုက်သော်လည်း လက်ဖက်ရည်ဆိုင်ထိုင်တတ်သူတွေ များလာသောကြောင့်ဖြစ်သည်။ လက်ဖက်ရည်ဆိုင် ဆိုသည်မှာ လက်ဖက်ရည်သောက်ရုံမျှသာမဟုတ်တော့။ စတီရီယိုသီချင်းတွေ နားထောင်ချင်သူများလည်း
လာသည်။ သူငယ်ချင်းတွေစုပြီး စကားပြောချင်လျှင်လည်းလာသည်။ လူမှုရေးကိစ္စ တိုင်ပင်ဆွေးနွေးချင်လျှင်လည်းလာသည်။ အလုပ်ကိစ္စ၊ ငွေအပေးအယူကိစ္စလုပ်ချင်လျှင်လည်း လက်ဖက်ရည်ဆိုင်မှာပင်ဆုံကြသည်။ သတင်းထူး၊ သတင်းဦးများကိုလည်း လက်ဖက်ရည်ဆိုင်မှာပင် ကြားရ၊ ဖလှယ်ကြသည်။ လက်ဖက်ရည်ဆိုင်သည် ဆက်သွယ်ရေးစခန်းတစ်ခုလို ဖြစ်လာ၏။
ယင်းအတွက် အပြစ်ဆိုစရာမလိုပါ။ လက်ဖက်ရည်ဆိုင်မှာ ရန်ဖြစ်ပြီး ထထိုးကြသည်ဟူ၍ ကြားရခဲဘိခြင်း။ အရက်ဆိုင်မှာ ဖြစ်လာသည့်ရန်ပွဲကိုပင် လက်ဖက်ရည်ဆိုင်မှာ ပြေငြိမ်းလို့ရနိုင်ပါသေးသည်။ ပြီးတော့လည်း လက်ဖက်ရည်ဆိုင်ဆိုသည်မှာ လူမစည်ကားအပ်သောနေရာစာရင်းထဲတွင် မပါ၀င်ချေ။
☼ ☼ ☼ ☼ ☼
ကျွန်တော်တို့သည် မျိုးနှင့်ရိုးနှင့် လက်ဖက်ရည်ကြိုက်ကြခြင်းဖြစ်သည်။
ကျွန်တော်တို့အဘိုးသည် လစ်ပတန်လက်ဖက်ခြောက်ကို ကျကျလေးနှပ်၊ နို့ဆီမထည့်ဘဲ သကြားအနည်းငယ်နှင့် “ဘလက်တီး” ဖျော်သောက်လေ့ရှိသည်ဟု ဆိုသည်။
ကျွန်တော်တို့ကြီးတော်သည် လက်ဖက်ရည်ကို တစ်နေ့လုံးသောက်သည်။ ကျွန်တော်တို့နားမှာရှိသော ကာကာဆိုင်၊ ရာရာဆိုင်နှင့် ဦးချမ်းဆိုင်တို့မှာ တစ်လှည့်စီ၀ယ်သောက်၏။
ကျွန်တော့်အထက်က အစ်ကိုအား သူ့ယောက်ျား၀င်စားသည်ဆိုပြီး ကြီးတော်ကြီးက အလွန်ချစ်သည်။ ထို့ကြောင့် ကျွန်တော့်အစ်ကိုသည် ကြီးတော်ကြီးထံမှ လက်ဖက်ရည်စွဲသည့်အမွေကို ရခဲ့လေသည်။ ယခုအခါ သူသည် မုတ်ဆိတ်လက်ဖက်ရည်ဆိုင်၏ ဂုဏ်ထူးဆောင်သောက်သုံးသူစာရင်းထဲမှာ ပါနေလေသည်။
ကျွန်တော့်အစ်ကိုအကြီးနှစ်ယောက်ကား လက်ဖက်ရည်အပေါ် သစ္စာဖောက်ပြီး အခြားသောအရည်တစ်မျိုးကို မှီဝဲခဲ့ဖူးသည်။ ခုကျတော့ အမြင်မှန်ရကုန်ကြပြီ။ ဟိုအရည်ကို အဆက်ဖြတ်ကာ ငယ်ချစ်ဦးနှင့်လည်းတူသော၊ မယားကြီးနှင့်လည်းတူသော လက်ဖက်ရည်ဘက်သို့ ပြန်၍စိတ်လည်လာကြပြီဖြစ်ပါသည်။
အဖေသည် လက်ဖက်ရည်ကို ဓာတ်ဘူးနှင့်ထည့်ပြီး တစွတ်စွတ်သောက်ရင်း စာရေးခဲ့ဖူးသည်။ လေနာရောဂါရလာသဖြင့် လက်ဖက်ရည်ဖြတ်လိုက်သည်။ရေနွေးကြမ်းကိုတော့ ခုထိတိုင် စွဲစွဲမြဲမြဲသောက်တုန်းပင်။
“လက်ဖက်ရည်အကြမ်းသောက်လျှင်ဖြင့် ကျက်သရေ အရမ်းရောက်ပေလိမ့်၊ မှန်းသလောက် ပြီးတဲ့ရည်”ဟု အဖေက ယူဆဟန်တူပါသည်။
အမေ လက်ဖက်ရည်သောက်ပုံမှာလည်း “စူပါ”စာရင်းထဲ၀င်လေသည်။ မနက်အိပ်ရာမှနိုးလျှင် ကျွန်တော့်မိန်းမဖျော်ပေးသော လက်ဖက်ရည်ကို သူ၏ဓမ္မမိတ်ဆွေ အဘွားကြီးတစ်ယောက်၊ အ၀တ်လျှော်သည့် ဆော်လီမားတို့နှင့်အတူသောက်ပြီး ဈေးသို့ထွက်သွားသည်။ ဈေးကပြန်လာသောအချိန်တွင် အောက်ထပ်မှာနေသော ကျွန်တော့်အစ်ကိုတစ်ယောက်က ကြောင်အိမ်ထဲမှာ အဆင်သင့်ထည့်ပေးထားသော လက်ဖက်ရည်တစ်ခွက်ကို ထပ်သောက်ပြီး ထမင်းဟင်းချက်သည်။
ချက်ရင်း ပြုတ်ရင်းမှာပင် ကျွန်တော့်အစ်ကိုအကြီးဆုံးကပို့လိုက်သော လက်ဖက်ရည်ချိုင့်ရောက်လာသည်။ ထိုလက်ဖက်ရည်ချိုင့်ကို နေ့စဉ်တာ၀န်ယူပြီးလာပို့သော ကုလားမကြီးတစ်ယောက်နှင့် သူ တစ်၀က်စီသောက်ကြပြန်သည်။ နေ့လယ်ကျတော့လည်း နေ့စဉ်လာလည်တတ်သော ရပ်ကွက်ထဲမှ “လက်ဖက်ရည်မိတ်ဆွေ”အဘွားကြီးနှစ်ယောက်၊ သုံးယောက် တို့နှင့်အတူ ဖျော်သောက်ကြပြန်သည်။ သည်ကြားထဲ ၀ယ်သောက်တာလည်းရှိသေးသည်။ ညကျတော့လည်း လက်ဖက်ရည်ကလေး ငုံလိုက်ရမှ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သတဲ့။
ကျွန်တော်၏အစ်ကိုတစ်ယောက်မှာ အနေဝေးသောကြောင့်သာတော်တော့သည်။ ဒါတောင် သူသည်လည်း အမေ၏ လက်ဖက်ရည်စက်ကွင်းမှ ပြေးမလွတ်နိုင်ရှာ။ “ဟဲ့၊ အမေ့ကို လက်ဖက်ရည်ဖိုး လာပို့စမ်း”ဟု မကြာခဏတောင်းခြင်းခံရသည်။ အမေတောင်းသော လက်ဖက်ရည်ဖိုးသည် အချို့၀န်ထမ်းတွေတောင်းသောလက်ဖက်ရည်ဖိုးထက် မနည်းချေ။
ကျွန်တော်ရသောမိန်းမသည်လည်း လက်ဖက်ရည်သောက်ရာတွင် “တန်း”မီသူဖြစ်သည်။ သူ့အကျင့်ကလည်း တစ်မျိုး။ မနက် အိပ်ရာကနိုးလို့ လက်ဖက်ရည်မသောက်ရလျှင် ၀မ်းချုပ်တတ်သတဲ့။
ကျွန်တော်သည် အိပ်ရာမှနိုးနိုးချင်း အတောင့်တဆုံးသောအရာ ၃ခုရှိပါသည်။ လက်ဖက်ရည်၊ ဆေးပေါ့လိပ်နှင့် သတင်းစာတို့ဖြစ်၏။ အားလပ်သောနေ့လယ်ခင်းအချိန်များတွင် စာအုပ်ကောင်းကောင်းလေးတစ်အုပ်ကိုဖတ်ရင်း လက်ဖက်ရည်ကလေး တစ်ငုံငုံလိုက်၊ ဆေးပေါ့လိပ်ကလေး တဖွာဖွာလိုက်လုပ်နေရလျှင် မိန်းမကိုပင်မေ့ချင်ချင်။
အိမ်မှာဖျော်သောက်ဖို့လက်ဖက်ခြောက်အမျိုးမျိုးကို ကိုယ်တိုင်စမ်းသပ်ကြည့်သည်။ ရွှေပလောင်၊ မြင်းပျံ၊ ပင်လုံ၊ ဆင်ဖြူ စသည်တို့ကို တစ်မျိုးချင်းဖြစ်စေ၊ တစ်မျိုးနှင့်တစ်မျိုး အချိုးအစား အဖုံဖုံရောစပ်၍ဖြစ်စေ စမ်းသပ်ကြည့်လေ့ရှိပါသည်။
☼ ☼ ☼ ☼ ☼
လက်ဖက်ရည်တစ်ခွက်နှင့် မုန့်ဟင်းခါးတစ်ပန်းကန်ကို ဗိုက်၀တာရော၊ အာဟာရတန်ဖိုးရောယှဉ်ကြည့်လျှင် မုန့်ဟင်းခါးက အဘက်ဘက်မှသာသည်။ သို့ရာတွင် လက်ဖက်ရည်ကိုပို၍ကြိုက်တတ်ကြ၏။
ဟုတ်လည်းဟုတ်ပါသည်။ မုန့်ဟင်းခါးတစ်ပန်းကန်ကို တစိမ့်စိမ့်ဆွဲပြီးစားလို့မရ။ ပြီးတော့ မုန့်ဟင်းခါးဆိုင်ဆိုသည်မှာ ကြာရှည် ထိုင်လို့ကောင်းသောနေရာမဟုတ်။ စားပြီးလျှင် ထလစ်ရုံသာ။
လက်ဖက်ရည်ကျတော့ တစ်ငုံချင်း ဇိမ်ဆွဲသောက်လို့ရသည်။ လက်ဖက်ရည်ကုန်လျှင်လည်း ရေနွေးကြမ်းတစ်အိုးနှင့် ကြိုက်သလောက်ထိုင်လို့ရသည်။ ငွေတစ်ကျပ်ပေးရုံဖြင့် လက်ဖက်ရည်လည်းသောက်ရ၊ ရေနွေးကြမ်းလည်း သောက်ရ၊ ထိုင်စရာ တစ်နေရာလည်းရဆိုတော့ ဘယ်လောက်ဟန်သလဲ။
☼ ☼ ☼ ☼ ☼
ကျွန်တော်တို့မိတ်ဆွေအပေါင်းအသင်းတစ်စုသည် မြို့ထဲက အလုပ်တိုက်တစ်ခုမှာ ရုံးပိတ်ရက်မှလွဲ၍ နေ့စဉ်ဆုံမိကြသည်။ လွတ်လွတ်လပ်လပ်ထိုင်လို့ရသော လမ်းဘေးနံရံကပ်လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ နေ့စဉ်လို ထိုင်ဖြစ်ကြသည်။
အစပိုင်းတွင် လက်ဖက်ရည်ဖိုးကို တစ်ယောက်ယောက်က အားလုံးအတွက်ရှင်းလေ့ရှိသော်လည်း နောက်ပိုင်းကျတော့ ပုံစံ ပြောင်းလိုက်သည်။ ကိုယ့်အတွက်ကိုယ်ပေးရသော “အမေရိကန် စစ်စတမ်”မဟုတ်။ ပိုက်ဆံများများရှိသူက များများထုတ်၊ နည်းနည်းရှိသူက နည်းနည်းထုတ်ပြီး လုံး၀မရှိသူက တစ်ပြားမှမထုတ်ဘဲလက်ဖက်ရည်ဖိုးကို စုပေါင်းရှင်းကြသည့် “ခေတ်သစ်မြန်မာ စစ်စတမ်”ဖြစ်သည်။
ကျွန်တော်တို့ဝိုင်းတွင် လူရင်းအားလုံးလိုလိုမှာ ပိုက်ဆံထုတ်ကြသည်ချည်းဖြစ်သည်။ သို့ရာတွင် ပိုက်ဆံထုတ်ခိုင်းဖို့မသင့်သော ဧည့်သည် နှစ်ယောက် သုံးယောက်ကတော့ အမြဲလိုလိုပါနေသည်သာဖြစ်၏။
ကျွန်တော် ဘ၀င်လေးမြင့်သလိုလို ဖြစ်နေပါသည်။ သူငယ်ချင်းတစ်ယောက်ကိုတော့ နေ့တိုင်း လက်ဖက်ရည်တိုက်နိုင်ပါတယ်ဟု ကိုယ့်ကိုကိုယ် အထင်ကြီးနေမိခြင်းဖြစ်၏။ ထို့ကြောင့် လက်ဖက်ရည်ဝိုင်းများတွင် နှစ်ကျပ် သုံးကျပ်လောက် ထုတ်လေ့ရှိသည်။
☼ ☼ ☼ ☼ ☼
ကျွန်တော်တို့လင်မယားနှစ်ယောက်သည် ညားခါစတုန်းက အခြေအနေ မဆိုးလှချေ။ တစ်လအတွက် သတ်မှတ်ထားသော အသုံးစရိတ်မှာ လစဉ်လိုလို လေးငါးဆယ်လောက် ပိုနေတတ်သည်။ သူကလည်း သူစနစ်တကျသုံးတတ်လို့ဟု ဆိုသည်။ ကျွန်တော်ကလည်း ငါ ထိန်းသိမ်းမှုကောင်းလို့ပါကွာဟု ပြောသည်။
နောက်ပိုင်းကျတော့ ပိုငွေမပြတော့ချေ။ တဖြည်းဖြည်း လိုငွေသာပြလာခဲ့သည်။ ကလေးရလာသောအခါ ကုန်ကျစရိတ်က ပိုတက်လာပြန်၏။ လိုငွေထပ်ဆင့်၍ပြလာ၏။ ထို့ကြောင့် ကျွန်တော့်မိန်းမက အသုံးစရိတ်ကို ပြန်လည်စိစစ်ကြည့်ရအောင်ဟု ဆိုသည်။ စာရင်းစစ်လျှင် ကျွန်တော်ခံရမည်ကို သိသဖြင့် ဟိုယောင်ယောင် သည်ယောင်ယောင်လုပ်ရင်း ရှောင်တိမ်းနေသည်။
တစ်နေ့ကျတော့ သူက သူ့ဘာသာပြုလုပ်ထားသောစာရင်းတစ်ခုကို တင်ပြလာသည်။ ပြီးတော့လက်ဖက်ရည်စရိတ်ဆိုသော ခေါင်းစဉ်ကို ထောက်ပြ၏။ ကျွန်တော်တို့အိမ်မှာ အမေရယ်၊ ကျွန်တော်တို့လင်မယားရယ် လူခံသုံးယောက်သာရှိသော်လည်း အမေ၏ “လက်ဖက်ရည် မိတ်ဆွေ”တွေက များသဖြင့် တစ်လလျှင် ချက်နို့ဆီ နှစ်ပိဿာ၊ သကြား နှစ်ပိဿာ၊ လက်ဖက်ခြောက် နှစ်ပေါင်ကုန်သည်ဟု ဆိုသည်။ ဒါကပင် တစ်ရာကျော်လောက်ကျနေသည်။ ကျွန်တော် မြို့ထဲမှာသောက်သည့် လက်ဖက်ရည်ဖိုးက တစ်လ ခုနစ်ဆယ့်ငါးကျပ်လောက် ရှိသည်ဟု သူ ခန့်မှန်းထားသည်။ သူရုံးမှာသောက်တာနှင့်ပါဆိုလျှင် စုစုပေါင်း တစ်လတစ်လ လက်ဖက်ရည်ဖိုးချည်း နှစ်ရာကျော်လောက် ကျနေသည်ဟု တွက်ပြ၏။
“ဒီတော့ အိမ်မှာ လက်ဖက်ရည်ကို လျှော့ဖျော်ပေါ့ကွာ” ဟု ကျွန်တော်က ဦးအောင်ပြောလိုက်သည်။ သူကလည်း ကျွန်တော်မြို့ထဲမှာသောက်သည့် လက်ဖက်ရည်ဖိုးကို လျှော့သင့်သည်ဟု ပြန်လည်ချေပ၏။ ဤသို့လျှင် ကျွန်တော်တို့နှစ်ယောက် အငြင်းပွားနေကြတုန်း-
“ဟဲ့၊ ဟဲ့၊ လာကြည့်ကြစမ်း၊ လာကြည့်ကြစမ်း”
အမေက လှမ်းခေါ်သည်။ ကျွန်တော်တို့ထွက်ကြည့်သောအခါ အမေသည် လေးလသမီးအရွယ် သူ့မြေးကိုချီထားရင်းက ဘာတွေ သဘောကျနေသည်မသိ။
“အသင်း၀င်တစ်ယောက် တိုးလာပြီဟေ့” ဟုလည်း ပြောသည်။ ပြီးတော့ ကြည့်ကြနော် ဆိုပြီး ပန်းကန်လုံးထဲမှ လက်ဖက်ရည်ကို ဇွန်းကလေးဖြင့်ခပ်ကာ သမီးပါးစပ်ထဲ ထည့်ပေးလိုက်သည်။ သမီးသည် ပါးစပ်ကို တပျပ်ပျပ်မြည်အောင်လုပ်ရင်း အရသာခံနေသည်။ ထို့နောက် ကျွန်တော့်ကို ရယ်ပြလိုက်လေသည်။
ကျွန်တော်တို့သည် လက်ဖက်ရည်လောကကြီးထဲ၌ ကျင်လည်နေကြလေကုန်သတည်း။
𝐁𝐨𝐨𝐤𝐢𝐬𝐡 𝐛𝐲 𝐊𝐚𝐫𝐢𝐧𝐞 📚✨