22/03/2026
""အိမ်ထဲမှာ အပင်စိုက်ချင်ပေမယ့် နေရာအခက်အခဲရှိလို့မစိုက်ဖြစ်ဘူး၊ အလုပ်များတဲ့သူလဲဖြစ်တာကြောင့် အပင်တွေကို အချိန်အများကြီးပေးပြီး မပြုစုနိုင်ဘူးဆိုရင်တော့ "Terrarium" ဆိုတာဟာ သင့်အတွက် အကောင်းဆုံး အဖြေတစ်ခုပဲဖြစ်ပါတယ်""
Terrarium ဆိုတာ ဘာလဲ ။ ။
Terrarium ဆိုတာ ကျွန်တော်တို့ မြို့အတွက်တော့ အနည်းငယ်စိမ်းတဲ့(လူသိပ်မရင်းနှီးသေး)တဲ့ အရာတစ်ခုလို့ပြောရမယ်ဗျ ။ တချို့လူတွေကတော့ အလွယ်အနေနဲ့ "အပင်ကန်" လို့လဲခေါ်ကြတယ်။ ဒါလဲ မှန်ပါတယ် ။
Terrarium ဆိုတာဟာ ဖန်အိုး သို့မဟုတ် ဖန်ခွက်အကြည်တွေထဲမှာ အပင်ငယ်လေးတွေကို အလှဆင်စိုက်ပျိုးလို့ရတဲ့ "အသေးစား ဂေဟစနစ်" (Miniature Ecosystem) တစ်ခုပါ။ သူ့ရဲ့ ထူးခြားချက်ကတော့ သဘာဝတောအုပ်ကြီးရဲ့ အလုပ်လုပ်ပုံကို ဖန်အိုးလေးတစ်ခုထဲမှာတင် ကိုယ်တိုင်ဖန်တီးနိုင်တာမျိုးပေါ့
Terrarium မှာ အလုံပိတ်စနစ် (𝐂𝐥𝐨𝐬𝐞𝐝 𝐓𝐞𝐫𝐫𝐚𝐫𝐢𝐮𝐦) နဲ့ အဖွင့်စနစ် (𝐎𝐩𝐞𝐧 𝐓𝐞𝐫𝐫𝐚𝐫𝐢𝐮𝐦) ဆိုပြီး စိုက်ပျိုးနည်းနှစ်မျိုးရှိပါတယ် ။
အလုံပိတ်စနစ် (𝐂𝐥𝐨𝐬𝐞𝐝 𝐓𝐞𝐫𝐫𝐚𝐫𝐢𝐮𝐦)
ဖန်အိုးကို အဖုံးပိတ်ထားပြီး ကိုယ်ပိုင်ရေသံသရာ (Water Cycle) နဲ့ အလုပ်လုပ်ပါတယ်။ အစိုဓာတ်က အိုးနံရံမှာ ငွေ့ရည်ဖွဲ့ပြီး မြေကြီးထဲ ပြန်ကျတဲ့အတွက် ရေခဏခဏဖြန်းပေးဖို့လဲမလိုပါဘူး။ ပုံမှန်အားဖြင့် လအတော်ကြာအထိ ရေမလိုတတ်တဲ့စနစ်လဲဖြစ်ပါတယ်။ နေရောင်တိုက်ရိုက်မကျတဲ့နေရာမျိုးမှာထားရပြီး အိုးနံရံမှာ ရေငွေ့တွေများပြီး အပင်တွေကို မမြင်ရလောက်အောင်ဖုံးလွှမ်းနေပြီဆိုရင် အိုးအဖုံးကို(၁၀ မိနစ်ကနေ ၃၀ မိနစ်ခန့်) အထိဖွင့်ပေးထားရပါတယ်။ အရွက်ပုပ်၊ အရွက်ခြောက်တွေ ရှိလာရင် ချက်ချင်းဖယ်ရှားပေးရပါတယ်။ အလုံပိတ်ထဲမှာ အရွက်ပုပ်ရှိနေရင် တစ်အိုးလုံးကို မှိုကူးစက်သွားတတ်လို့ပါ။ စိုက်ပျိုးသင့်တဲ့အပင်တွေအနေနဲ့ကတော့ စိုစွတ်တဲ့ပတ်ဝန်းကျင်မျိုးကို ကြိုက်တဲ့ ရေညှိ (Moss) နှင့် ဖမ်ပင် (Ferns) များအတွက် အထူးသင့်တော်ပါတယ်။ ရေခဏခဏဖြန်းပေးဖို့မလိုတာကြောင့် အလုပ်များတဲ့သူတွေအတွက်တော့ အတော်လေးအဆင်ပြေစေတဲ့စိုက်ပျိုးနည်းပါပဲ ။
အဖွင့်စနစ် (𝐎𝐩𝐞𝐧 𝐓𝐞𝐫𝐫𝐚𝐫𝐢𝐮𝐦)
လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့တာကို ကြိုက်တဲ့ ရှားစောင်းလက်ပတ် (Cactus) နဲ့ ဆူးပင် (Succulents) လေးတွေအတွက် ဖြစ်ပါတယ်။ သူကတော့ မြေကြီး လုံးဝခြောက်သွေ့သွားမှသာ ရေလောင်းရတာမျိုးပါ ။ အပင်ရဲ့ ပင်စည်ကို ရေမထိအောင် ဂရုစိုက်ပြီး မြေကြီးထဲကိုပဲ တိုက်ရိုက်လောင်းပေးတာ ပိုကောင်းပါတယ်။ ရေအိုင်နေရင် အမြစ်ပုပ်တတ်ပါသေးတယ် ။ အလင်းရောင်အနေနဲ့ကတော့ သူက အလုံပိတ်စနစ်နဲ့ပြောင်းပြန်၊ အလင်းရောင် အများကြီး လိုအပ်ပါတယ်။ ပြတင်းပေါက်နား ဒါမှမဟုတ် နေရောင်ကောင်းကောင်းရတဲ့ နေရာမျိုးမှာထားပေးရတာမျိုးပါ (နေ့လယ်ခင်း ပြင်းထန်တဲ့ အပူချိန်နဲ့နေရောင်ကိုတော့ သတိထားရပါမယ်)။ အဖွင့်စနစ်ဖြစ်တဲ့အတွက် အပင်တွေနဲ့ ကျောက်ခဲတွေပေါ်မှာ ဖုန်တင်တတ်ပါတယ်။ စုတ်တံအနုလေးနဲ့ ဖုန်တွေကို ပုံမှန်ခါထုတ်ပြီးသန့်ရှင်းပေးရပါတယ် ။ သူကတော့ အလှဆင်ရတာ လွယ်ကူပြီး အခန်းတွင်း လေထုကိုလည်း သန့်စင်ပေးနိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ဂေဟစနစ်ကို စိတ်ဝင်စားသူများအတွက် အလွန်ကောင်းမွန်တဲ့စိုက်ပျိုးနည်းလဲဖြစ်ပါတယ် ။
Terrarium စိုက်ပျိုးခြင်းရဲ့ ကောင်းကျိုးကတော့...
အပင်ငယ်လေးတွေကို ကြည့်ရှုစိုက်ပျိုးရတာဟာ စိတ်ဖိစီးမှုကို လျော့ကျစေပြီး စိတ်တည်ငြိမ်မှုကိုလည်းပေးစွမ်းပါတယ်။ နေရာအကျယ်ကြီး မလိုတဲ့အတွက် ရုံးခန်းစားပွဲ၊ အိပ်ခန်းနဲ့တိုက်ခန်းကျဉ်းကျဉ်းလေးတွေမှာတောင် သဘာဝအလှကို ခံစားနိုင်ပါသေးတယ်။ အပင်စိုက်ရမှာ ပျင်းတဲ့သူတွေအတွက်လဲအတော်လေး အဆင်ပြေမှာအသေအချာပါပဲ ။ အထူးသဖြင့် အလုံပိတ်စနစ်ဆိုရင် လနဲ့ချီပြီး ပစ်ထားလို့ရပါသေးတယ် ။
Terrarium ဆိုတာ အပင်စိုက်တာထက်အများကြီးပိုပါတယ်။ ကိုယ်တိုင်ဖန်တီးထားတဲ့သဘာဝကမ္ဘာငယ်လေးတစ်ခုကို ပိုင်ဆိုင်ရတဲ့ခံစားချက်မျိုးလဲပေးစွမ်းနိုင်သလို ကိုယ့်အခန်းတွင်းအလှဆင်ခြင်းနဲ့အတူ သန့်စင်တဲ့လေထုကို ပိုင်ဆိုင်ရခြင်းမျိုးလဲဖြစ်ပါတယ် ။
ကဲ!! မိတ်ဆွေလည်း အိမ်ခန်းထဲမှာ သစ်ပင်တောအုပ်ငယ်လေးတစ်ခု စိတ်ကြိုက်ကိုယ်တိုင်ဖန်တီးပြီး သဘာဝတရားကို ကိုယ့်ရဲ့အခန်းထဲမှာတင် ခံစားနိုင်ဖို့ အဆင်သင့်ဖြစ်ပြီဆိုရင်တော့ ကျွန်တော်တို့ရဲ့ Aquar Corner ကို ခုချက်ချင်းပဲဆက်သွယ်ပြီး အကြံဉာဏ်များ ရယူနိုင်ပါပြီ ။ ။