H.P.T Myanmar

H.P.T Myanmar H.P.T is a one of the private company of Myanmar. We import some dietary supplements directly from USA by approval of Myanmar food and drug administration

19/02/2017

မျက်စိ၂လုံးထက်ဦးနှောက်က ပိုကြီးတယ်။
အဲ့တော့ မျက်စိနဲ့မြင်တာကို ဦးနှောက်နဲ့စဉ်းစားပြီးမှ ယုံပါ တဲ့။

တကယ်တမ်းတော့ မျက်စိကအမြင်အာရုံပဲအလုပ်လုပ်တာ။
မျက်စိကမြင်လိုက်တဲ့ပုံရိပ်ကို ဦးနှောက်ကိုပို့ပေးတယ်။ဦးနှောက်ကမှ အရင့်အရင်ကြုံဖူး၊သိဖူး၊မှတ်ဖူးထားတာလေးတွေကို ပေါင်းစပ်ညှိနှိုင်းပေးပြီးတော့မှ အခုမြင်ရတာကတော့ ဘာဖြစ်မယ်။ညာဖြစ်မယ် ဆိုပြီးတော့ အဖြေထုတ်ပေးတယ်။အဲ့ဒီတော့မှ ဪ အခုငါမြင်နေတာ စာအုပ်ပါလား၊ထိုင်ခုံပါလား၊ဘယ်သူပါလားဆိုပြီး သိသွားတာ။
တခါတလေကျရင်တော့ ဦးနှောက်ကအလုပ်လုပ်တာ နည်းနည်းလေးနှေးနေတဲ့အခါမျိုးမှာ ရုတ်တရက်ချက်ချင်းအတည်မပြုနိုင်ဘူး။သူ့ကိုငါ မြင်ဖူးသလိုလိုပဲဆိုပြီး ဖြစ်နေတတ်တယ်။ပြီးကျတော့မှ ဪ..ဒါ ဟိုလူပဲ...မှတ်မိပြီဆိုပြီး ဖြစ်တတ်လေ့ရှိတယ်။ကြုံဖူးတယ်ဟုတ် ??

ကျနော်ကတော့ အဲ့ဒီလိုမျိုးတွေအတတ်နိုင်ဆုံးနည်းပါးအောင် Lecithin သောက်တယ်။Lecithin ဆိုတာက ဆေးမဟုတ်ပါဘူး။သဘာဝအတိုင်း Soya beansကနေပြီး Dietary supplementအနေနဲ့ထုတ်ထားတာဖြစ်လို့ ဘာside effectမှမရှိပါဘူး။ခန္ဓာကိုယ်အတွက် မလိုလားအပ်တဲ့ ကိုလက်စထရောတွေကိုလည်း ကျစေပါသေးတယ်။

17/03/2016
28/09/2015

ဗုဒ္ဓမြတ်စွာဘုရားနှင့် ဥပါလိသူကြွယ်ဆိုတဲ့ အကြောင်းလေးကို အလျင်းသင့်လို့ပြောပြချင်ပါတယ်။

တစ်ခါတုန်းက မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး နာဠန္ဒာမြို့က အထည်ကုန်သည်တစ်ယောက်ရဲ့ သရက်ဥယျာဉ်မှာ သီတင်းသုံးနေတုန်း ဘုရားနဲ့အယူဝါဒချင်း မတူတဲ့ (ဒီနေ့ခေတ်လိုပြောရရင် ဘာသာမတူတဲ့ပေါ့) နိဂဏ္ဌနာဋပုတ္တဆိုတဲ့ နာဋပုတ္တဆရာကြီးရဲ့ တပည့်ဖြစ်တဲ့ ဒီဃတပဿီဆိုတဲ့ ဆရာကြီးက ဆွမ်းခံကြွပြီးအပြန် ဂေါတမဗုဒ္ဓမြတ်စွာဘုရားထံ ဝင်ရောက်နှုတ်ဆက်ပြီး စကားပြောဆိုတယ်။
ဗုဒ္ဓကမေးတယ်...."ဒီဃတပဿီ၊ နိဂဏ္ဌနာဋပုတ္တဆရာသည် မကောင်းမှုဖြစ်ဖို့ရာ ကံအမျိုးဘယ်လောက် ပညတ်ထားပါသလဲ............"
ဒီဃတပဿီက ဖြေတယ်....."အရှင်ဂေါတမ၊နိဂဏ္ဌနာဋပုတ္တဆရာကြီးမှာ "ကံ-ကံ"လို့ ပညတ်ရိုးထုံးစံမရှိပါ။
"ဒဏ်=ဒဏ်"လို့သာ ပညတ်ရိုးထုံးစံရှိပါတယ်။မကောင်းမှုဖြစ်ဖို့ရာ ကာယဒဏ်,ဝစီဒဏ်,မနောဒဏ်လို့ သုံးမျိုးပညတ်ထားပါတယ်" ဆိုပြီး ပြန်ဖြေတယ်။ဒါနဲ့မြတ်စွာဘုရားက ဒီသုံးမျိုးဟာ တစ်မျိုးနဲ့တစ်မျိုး မတူဘူးမဟုတ်လားဆိုတော့ မတူပါဘူးလို့ပြန်ဖြေတယ်။
ဂေါတမမြတ်စွာဘုရားက ဆက်ပြီးတော့ မေးတယ်။
" အဲ့ဒီသုံးမျိုးထဲမှာ ဘယ်ဒဏ်ကို အပြစ်အကြီးဆုံးလို့ ပညတ်ထားသလဲ။"
" ကာယဒဏ်ကို အပြစ်အကြီးဆုံးလို့ ပညတ်ထားပါတယ်။"
ဒါကို ဗုဒ္ဓက သုံးကြိမ်တိတိမေးတယ်။ဒီဃတပဿီကလည်း သုံးကြိမ်လုံး ကာယဒဏ်က အပြစ်အကြီးဆုံးပါလို့ပြန်ဖြေတယ်။

ဒါနဲ့ ဒီဃတပဿီက ဗုဒ္ဓကိုပြန်ပြီး မေးခွန်းထုတ်တယ်။
- အရှင်ဂေါတမ၊ အရှင်ကရော မကောင်းမှုဖြစ်ဖို့ရာကို ဒဏ်ဘယ်နှစ်မျိုး ပညတ်ပါသလဲတဲ့။
ဗုဒ္ဓက ပြန်ဖြေတယ်။
-"ဒဏ်=ဒဏ်"ဟု ပညတ်ရိုးမရှိဘူး။"ကံ=ကံ"ဟု ပညတ်ရိုးသာရှိပါတယ်။
ကာယကံ,ဝစီကံ,မနောကံ (ကိုယ်မှု, နှုတ်မှု, စိတ်မှု)ဟု ကံ၃မျိုး ပညတ်ပါတယ်။
အဲ့တော့ ဒီဃတပဿီက ဘယ်ကံကိုအပြစ်အကြီးဆုံးလို့ ပညတ်ပါသလဲဆိုတော့ ဂေါတမမြတ်စွာဘုရားက "မနောကံ" ကို အပြစ်အကြီးဆုံးလို့ ပညတ်ပါတယ်လို့ပြန်ဖြေတော့ သုံးခါတိတိ မေးတော့ ဗုဒ္ဓကလည်း သုံးခါတိတိပြန်ဖြေတော်မူတယ်။အဲ့ဒီလိုဖြေဆိုပြီးတော့ ဒီဃတပဿီလည်း ပြန်သွားလေတော့တယ်။

ဒီဃတပဿီပြန်ရောက်လာတော့ သူ့ဆရာနိဂဏ္ဌဆရာကြီးက အဲ့ဒီမြို့ကပညာရှိပြီးဥစ္စာပစ္စည်းအလွန်ကြွယ်ဝတယ်လို့နာမည်ကြီးတဲ့ ဥပါလိသူကြွယ်ကြီး အကြီးအမှုးရှိတဲ့ ပရိသတ်ကြီးအလယ်မှာ ထိုင်နေတဲ့အချိန်ပေါ့။အဲ့ဒါနဲ့ဆရာကြီးက ဒီဃတပဿီကိုမေးတယ်....နေ့ခင်းကြီး ဘယ်ကပြန်လာခဲ့လဲပေါ့။အရှင်ဂေါတမဆီကနေ ပြန်လာပါတယ်လို့ပြန်ဖြေပြီး အရှင်ဂေါတမနဲ့ စကားပြောဆိုရာ "တပည့်တော်က ကာယဒဏ်သည် သာ၍အပြစ်ကြီးကြောင်းပြောလျင် ရှင်ဂေါတမက မနောဒဏ်သည် သာ၍အပြစ်ကြီးကြောင်း ပြန်၍ပြောပါသည်"ဟု သူ့ဆရာကြီးကို ပြောပြတော့ သူ့ဆရာကြီးက "သာဓုသာဓု ဆရာကောင်းတပည့်ပီသစွာ ဖြေဆိုခဲ့ပါပေတယ်။အင်မတန်ထင်ရှားတဲ့ ကာယဒဏ်နဲ့နှိုင်းစာလျင် မနောဒဏ်ဟာ ဘာပြောပလောက်တော့မှာလဲ။မကောင်းမှုအကုသိုလ်ဖြစ်ဖို့အရေးမှာ ကာယဒဏ်အပြစ်ကြီးသလောက် ဝစီ,မနောဒဏ်များ အပြစ်မကြီးနိုင်ဘူးလို့ ဒီဃတပဿီရဲ့စကားကို အတည်ပြုတဲ့အနေနဲ့ ပရိသတ်ကိုပြန်ဟောပြောတယ်။ (**သူတို့က စိတ်ကကြံစည်ရုံ၊နှုတ်ကပြောဆိုရုံထက် လက်တွေ့ကိုယ်နဲ့လုပ်လိုက်တာကမှ အပြစ်ကြီးတယ်လို့ ဆိုလိုချင်တာပေါ့။ဒါကို မြတ်စွာဘုရားရှင်က ဘယ်လိုပြန်ဆုံးမလဲဆိုတာကို ဆက်ပြီးဖတ်ကြည့်ပေးပါ။)

ဒါနဲ့နဂိုကတည်းက သူကိုးကွယ်တဲ့ဆရာတွေရဲ့ သင်ပြမှုတွေနဲ့ဗုဒ္ဓကို အထင်သေးအမြင်သေးဖြစ်နေတဲ့ ဥပါလိသူကြွယ်ကြီးက ဒီဃတပဿီရဲ့စကားကို သာဓုခေါ်ပြီး ဗုဒ္ဓကို အပြစ်တင်ဖို့ရန် ယခုပင်သွားမည်။ဒီဃတပဿီနဲ့အတည်ပြုခဲ့သည့်အတိုင်း မနောဒဏ်က သာ၍အပြစ်ကြီးတယ်လို့ဆိုလျင် သိုးကလေးကို အမွေးကိုင်ပြီး (ဟိုလိုဆွဲ ဒီလိုဆွဲ)ဆွဲနေသလို အရှင်ဂေါတမကို မိမိတို့ဝါဒနဲ့ ဆွဲဆွဲပြီးမွှေ့ပစ်လိုက်စမ်းမယ် ဆိုပြီးတော့ နာဋပုတ္တဆရာကြီးဆီမှာ အခွင့်တောင်းတော့ ဆရာကြီးက သွားပါလေ၊အပြစ်တင်ချေဆိုပြီး အခွင့်ပေးတယ်။ဒါကို ဒီဃတပဿီက ပြောတယ်။
"ကျုပ်တော့ ဥပါလိသွားမှာကို သဘောမတူဘူး။ရဟန်းဂေါတမဟာ သူတစ်ပါးကို လှည့်ပတ်နိုင်တဲ့ မျက်လှည့်အတတ်ကို တတ်ထားတယ်။အဲ့ဒီအတတ်နဲ့ အခြားသူတွေရဲ့တပည့်များကို လှည့်ပတ်လေ့ရှိတယ်လို့"ကန့်ကွက်တော့ နာဋပုတ္တဆရာကြီးက "ဥပါလိသူကြွယ်ဟာ ရှင်ဂေါတမတပည့်ဖြစ်ဖို့ အကြောင်းမရှိနိုင်ပါ။ဖြစ်ခြင်းဖြစ်လျင် ရှင်ဂေါတမသာ ဥပါလိတပည့်ဖြစ်စရာရှိပါတယ်။သွားသာ သွားပါ"လို့ပြောလိုက်တော့ ဥပါလိသူကြွယ်လည်း ဆရာကြီးကိုဦးချပြီး ဗုဒ္ဓရှင်တော်မြတ်သီတင်းသုံးနေတဲ့ သရက်ဥယျာဉ်ကို သွားတော့တာပေါ့။
သရက်ဥယျာဉ်ရောက်တော့ ဥပါလိက သင့်တင့်လျောက်ပတ်တဲ့အရပ်မှာ ထိုင်ပြီးတော့ ဤအရပ်ကို ဒီဃတပဿီရောက်လာခဲ့ပါသလားလို့မေးတယ်။ မြတ်စွာဘုရားက ရောက်လာခဲ့ပါတယ်လို့ ဖြေတော့ စကားစမြည်ပြောလိုက်ပါရဲ့လားလို့ မေးတော့ ပြောလိုက်ပါတယ်ပေါ့။ဒါနဲ့ဘာတွေပြောခဲ့ကြပါသလဲဆိုတော့ ဂေါတမမြတ်စွာဘုရားကလည်း ဒီဃတပဿီနဲ့ပြောဆိုခဲ့တဲ့စကားတွေကို ပြန်ပြောပြပြီး "ဒီဃတပဿီက ကာယဒဏ်ကို အပြစ်ကြီးသည်ဟုမှတ်ယူ၍ ငါဘုရားက မနောကံကို အပြစ်ကြီးသည်ဟု ယူကြောင်း" မိန့်တော်မူတယ်။
ဥပါလိက "ဒီဃတပဿီသည် ဆရာကောင်းတပည့်ပီသစွာ ဖြေဆိုနိုင်ပါပေတယ်။ကာယဒဏ်ကိုထောက်လျင် မနောဒဏ်ဟာ ဘာပြောပလောက်မှာလဲ။ကာယဒဏ်(ကိုယ်ဖြင့် ထိထိရောက်ရောက်ပြုခြင်းသာ) အပြစ်ကြီးတော့မပေါ့။" လို့ပြောတယ်။
ဗုဒ္ဓက "ဥပါလိ....မှန်တဲ့အချက်ပေါ်မှာ အတည်ဖြစ်ဖို့ရာ ဆွေးနွေးပြောဆိုမည်ဟုကြံလျင် ဤမနောနဲ့ကာယ ၂မျိုးသောအရာဝယ် "ဘယ်ဟာက အပြစ်ကြီးသည်"ဟု စိစစ်နှီးနှောပြောဆိုကြဖို့ပဲ" (ဘာပဲပြောပြော ငါတို့အယူသာအမှန်ဖြစ်စေရမည်ဟု စကားနိုင်လုလိုလျင် ပြောဆိုဆွေးနွေးဖို့မလိုတော့-ဟုဆိုလို) မိန့်တော်မူတယ်။
ဥပါလိသူကြွယ်က "အမှန်ပေါ်တွင် အတည်ဖြစ်ဖို့ဆွေးနွေးလိုပါတယ်"လို့ပြောတော့ မြတ်စွာဘုရားက ဆုံးမတော်မူတယ်။
(** နိဂဏ္ဌတို့ဝါဒမှာ ရေအေး၌အသက်ရှိသည်ဟု ယူဆ၍ ရေအေးကိုသောက်ချိုးသုံးစွဲလေ့မရှိဘူးဆိုတာကို သိထားနှင့်ပါ)
"နိဂဏ္ဌတစ်ယောက်မှာ သည်းခြေရောဂါရောက်နေပြီ ဆိုပါစို့။ရေအေးကို မသောက်မချိုးရလျင် သူ့မှာရောဂါတိုးတော့မည်။စိတ်ကလည်း ရေအေးကို အလွန်တောင့်တ၏။သို့သော် ရေအေးကိုလိုချင်သည်ဟု ပြောလျင် ဝစီဒဏ်ထိုက်၍ ရေအေးကိုသောက်ချိုးလျင် ကာယဒဏ်ထိုက်မည်စိုးသောကြောင့် အောင့်အီသည်းခံနေရှာသည်။(သူတို့အလိုအားဖြင့် တောင့်တမှု မနောဒဏ်ကတော့ ထိုက်လို့နေလေပြီ။)သူသည် ရေအေးကို မရသောကြောင့်ရောဂါတိုး၍သေရသော် မည်သည့်ဘဝရောက်သည်ဟု နိဂဏ္ဌဆရာတို့ အယူရှိပါသနည်း"ဟု မေးတော်မူတယ်။

ဥပါလိက "သူသည် ရေအေးအပေါ်၌ စိတ်စွဲလမ်း၍ သေရသောကြောင့် "မနောသတ္တ"အမည်ရသော နတ်ဖြစ်သည်ဟု ပညတ်ပါသည်။(မနော-စိတ်+သတ္တ=ငြိကပ်သူ)"
ဗုဒ္ဓက "ဥပါလိ.....သတိထားပြီးဖြေပါ။သင့်အဖြေဟာ ရှေ့နောက်အမြီးအမောက်မတည့်ဘူး " လို့ မိန့်တော်မူတယ်။ ( မနောဒဏ်ထက် ကာယဒဏ် ထက်သည်ဟု ဆိုထားခဲ့ပါလျက် စောင့်စည်းထားတဲ့ ကာယဒဏ်ရဲ့အကျိုးကို မခံစားရဘဲ ပျက်စီးသောမနောဒဏ်ကပင် နတ်ဖြစ်အောင် အကျိုးပေးသေးသည်ဟုဆိုသောကြောင့် ရှေ့နောက်မညီ"ဟု ဆိုလိုရင်းဖြစ်သည် )

ဒီလိုမိန့်တော်မူလျင် နဂိုပညာခံမနည်းသော ဥပါလိသူကြွယ်ကြီးက မိန်းမောတွေဝေနေသူတို့ ကိုယ်လက်မလှုပ် နှုတ်လည်းမမြွက်ဘဲ စိတ်ရှိနေသေးသည့်အတွက်သာ အသက်ရှင်နေပုံကို သတိရကာ မနောသည်သာ ကာယ, ဝစီတို့ထက် သာ၍သတ္တိထက်ကြောင်း သဘောပေါက်လာသည်။သို့သော် ဗုဒ္ဓ၏ ဆန်းကြယ်သောပြဿနာတို့ကြားလိုသေး၍ "အရှင်ဘုရားက ဤသို့ပြောသော်လည်း ကာယဒဏ်သာ ပို၍သတ္တိထက်ပါသည်"လို့ လျောက်ထားတယ်။

ဒါနဲ့မြတ်စွာဘုရားက မေးခွန်းထပ်ထုတ်တယ် "နိဂဏ္ဌနာဋပုတ္တဆရာသည် သွားရင်း လာရင်း နင်းမိသောကြောင့် ပိုးကောင်လေးတွေသေရလျင် နင်းသူမှာ ဘယ်လိုအပြစ်ရှိသည်ဟု ပညတ်ပါသလဲ"

ဥပါလိက "သေစေလိုသော စေတနာမပါသောကြောင့် အပြစ်ကြီးသည်ဟု မပညတ်ပါ။"
ဗုဒ္ဓက "သေစေလိုသော စေတနာပါလျင် ဘယ်လိုပညတ်သလဲ"
ဥပါလိ "စေတနာပါလာလျင် အပြစ်ကြီးသည်ဟု ပညတ်ပါတယ်"
ဗုဒ္ဓ "စေတနာကို (ကာယ, ဝစီ, မနော သုံးမျိုးထဲ) ဘယ်ထဲသွင်းသလဲ "
ဥပါလိ "မနောဒဏ်ထဲ သွင်းပါတယ် "
ဗုဒ္ဓ "ဥပါလိ ..သတိထားဖြေပါ။သင့်စကား ရှေ့နောက်မညီဘူး။ (ကာယသည် မနောထက် ပိုထက်သည်ဟု ဆိုသော်လည်း ကာယဖြင့်ကျူးလွန်ပြီးပါသောအပြစ်သည် မနောမပါသည့်အတွက် အပြစ်မရှိ၊မနောပါလာမှသာ အပြစ်ရှိသည်ဟု ဆိုသောကြောင့် ကာယဒဏ်ထက် မနောဒဏ်က ပိုသတ္တိထက်နေသဖြင့် ရှေ့စကားနောက်စကား မညီကြောင်းဟု ဆိုလိုရင်းဖြစ်ပါသည်)

ဥပါလိသူကြွယ်လည်း ပြောနေရင်းကပင် ငါတို့ဆရာကြီးသည် "စေတနာမပါသော ကာယဒဏ်ကိုအပြစ်မရှိ၊စေတနာပါသော ကာယဒဏ်ကိုအပြစ်ကြီး၏ဟု ပညတ်ပြီးလျင် စေတနာကိုမနောဒဏ်၌ ထည့်သွင်းထားသည်။မနောဒဏ်ထက် ကာယဒဏ်က သာ၍ထက်သည်ဟုလည်း ဆိုထားပြန်သည်။ဆရာကြီး၏စကားများသည် ရှေ့နောက်မညီဘဲ ဗုဒ္ဓ၏စကားများသည်သာ ရှေ့နောက်ညီနေပါတကား"ဟု သဘောပေါက်လာသည်။သို့ရာတွင် ဗုဒ္ဓ၏ဆန်းကြယ်၍ပညာဥာဏ်ပြည့်ဝသောစကားတို့ကို နာခံလိုသေး၍ ကာယဒဏ်သည်သာ သာ၍အပြစ်ကြီးကြောင်း၊သတ္တိထက်ကြောင်း လျှောက်ပြန်၏။

ထိုအခါ ဗုဒ္ဓရှင်တော်မြတ်သည် တန်ခိုးဣဒ္ဓိပါဒ်ရှိသူတို့၏ စိတ်အစွမ်းများကို မိန့်တော်မူလေရာ ဥပါလိလည်း တိုစိတ်၏အစွမ်းများကို ဝန်ခံပြီးလျင် ဗုဒ္ဓ၏အယူဝါဒကို အားရနှစ်သက်လှသဖြင့် "တပည့်တော်သည် ဘုရား,တရား,သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏။ယနေ့မှစ၍ အသက်ကိုအပ်လျက် ဆည်းကပ်ကိုးကွယ်သော ဥပါသကာဟု မှတ်တော်မူပါရန်" လျှောက်လေသည်။
ဗုဒ္ဓက "ဥပါလိ...သင်တို့လို ထင်ရှားသောလူကြီးလူကောင်းဆိုတာ စိစိစစ်စစ် နှိုင်းနှိုင်းချိန်ချိန် ပြုသင့်တယ်။ ဥပါလိဆိုတဲ့သူကြွယ်ဟာ တွေ့ရာကြုံရာ ကိုးကွယ်ဆည်းကပ်လေ့ရှိတာပဲ ဟုပြောစရာဖြစ်တတ်တယ်"ဟု မိန့်တော်မူသည်။ဥပါလိသူကြွယ်ကလည်း "ဒီလိုသတိပေးတဲ့အတွက်ကြောင့် ရှင်တော်မြတ်ဘုရားကို သာ၍အားရပါတယ်ဘုရား။အခြားဆရာကြီးတွေကား တပည့်တော်လိုဒကာတစ်ယောက်ရတယ်ဆိုလျင် နာဠန္ဒာတစ်မြို့လုံးအလံစိုက်၍ ကြွေးကြော်လေ့ရှိကြတယ်။ရှင်တော်မြတ်ဘုရားကတော့ စဉ်းစဉ်းစားစားနှင့် ပြုဖို့ရန်ပင် သတိပေးတော်မူပါသေးတယ်။တပည့်တော်ကို နှစ်ကြိမ်မြောက် ဘုရား, တရား, သံဃာကို ဆည်းကပ်သူလို့ မှတ်တော်မူပါဘုရား" လို့ပြန်ပြောပါတယ်။

ဗုဒ္ဓမြတ်စွာဘုရားက " ဥပါလိ...သင်တို့အိမ်သည် နိဂဏ္ဌတို့ အမြဲဝင်ရောက်စားသောက်နိုင်သော ရေတွင်းလိုဖြစ်နေခဲ့တယ်။ထို့ကြောင့် ဗုဒ္ဓ, ဓမ္မ, သံဃာကို ဆည်းကပ်ကိုးကွယ်သော်လည်း နိဂဏ္ဌတို့လာလျင် ပေးလှူထိုက်သည်ဟု မှတ်ထားသင့်တယ်။" လို့မိန့်တော်မူတယ်။

ဥပါလိသူကြွယ်လည်း " ဒီစကားကိုကြားရတာ သာလွန်၍အားရပါတယ်။ငါ့သာ လှူထိုက်တယ်။အခြားသူကို မလှူထိုက်။ငါ၏ သာဝကတို့ကိုသာ လှူထိုက်တယ်။အခြားသာဝကတို့ကို မလှူထိုက်။ငါနှင့်ငါ၏ သာဝကကိုလှူမှ အကျိုးကြီးတယ်။အခြားသူများ လှူလို့အကျိုးမကြီးဘူးဟုသာ ကြားဖူးပါသည်။ယခုတော့အယူဝါဒမတူသူ နိဂဏ္ဌတို့အား လှူဖို့ရန်ပင် အမိန့်ရှိနေသောကြောင့် သာ၍ပင် နှစ်ထောင်းအားရဖြစ်မိပါသည်။ထို့ကြောင့် တပည့်တော်အား သုံးကြိမ်မြောက် ရတနာသုံးပါးအား ဆည်းကပ်ပူဇော်သူဟု မှတ်တော်မူပါဘုရား" လို့လျောက်တယ်။

ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားလည်း ဒါန သီလ နတ်ပြည်၏အကြောင်းတို့ဖြင့် လောကီအာရုံ ကာမဂုဏ်စည်းစိမ်ချမ်းသာတို့ကိုပြပြီးလျင် ထိုစည်းစိမ်တို့၏ အပြစ်ကိုလည်းကောင်း၊ကာမဂုဏ်မှခွာနိုင်လျင် ရနိုင်သည့် အကျိုးအာနိသင်ကိုလည်းကောင်း ပြတော်မူရာ ဥပါလိ၏စိတ်သည် ကာမဂုဏ်၌အပြစ်မြင်ကာ လွန်စွာနူးညံ့နေစဉ် သစ္စာလေးပါးတရားတော်ကို ဟောပြတော်မူလေရာ ထိုနေရာ၌ပင် သောတာပန်ဖြစ်လေတော့သည်။

ဒီနေရာမှာ မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးအနေနဲ့ အယူဝါဒမတူတဲ့သူတွေအပေါ်မှာ ထားတဲ့စိတ်ကို လေ့လာလိုက်မိပါတယ်။ယနေ့လက်ရှိမြန်မာနိုင်ငံက အဖြစ်အပျက်တွေနဲ့ ချိန်ထိုးတွေးဆကြည့်မိလို့ လက်ရှိဖြစ်နေတာတွေဟာ ဘုရားဟောနဲ့ညီ မညီဆိုတာကို မိမိတို့ဥာဏ်နဲ့ဆင်ခြင်သုံးသပ်နိုင်ကြပါစေ။

ကျမ်းကိုး ။ ။ အမရပူရ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ဒသမမြောက်ကျမ်းစာဖြစ်သော အနာဂတ်သာသနာရေးမှ ကောက်နှုတ်တင်ပြပါသည်။

ဦးဖိုးတု (၂၇.၉.၂၀၁၅)

ဘာကားကြီးတုန်းဟ.....ပေါက်တတ်ကရတွေ လျောက်လုပ်ထားတယ်။တီထွင်ဖန်တီးမှုကိုတော့ လေးစားပါတယ်။Photo : Credit ...
17/08/2015

ဘာကားကြီးတုန်းဟ.....
ပေါက်တတ်ကရတွေ လျောက်လုပ်ထားတယ်။
တီထွင်ဖန်တီးမှုကိုတော့ လေးစားပါတယ်။

Photo : Credit ...

H.P.T ------Just For Fun !Some problems about super heroes and super heroes cartoon........credit :O.U
22/06/2015

H.P.T ------Just For Fun !

Some problems about super heroes and super heroes cartoon........

credit :O.U

မြန်မာ့စေတီ ပုထိုးများရဲ့ ဗိသုကာ အဓိပ္ပါယ်*******************************ဝန်ခံချက် ။အောက်တွင်ဖော်ပြထားသော စာများမှာ faceb...
20/06/2015

မြန်မာ့စေတီ ပုထိုးများရဲ့ ဗိသုကာ အဓိပ္ပါယ်
*******************************

ဝန်ခံချက် ။အောက်တွင်ဖော်ပြထားသော စာများမှာ facebook အကောင့်တစ်ခုတွင် တင်ထားရာမှ တွေ့ရှိသဖြင့် ကူးယူဖော်ပြသော စာဖြစ်ပါသည်။ထိုအကောင့်ပိုင်ရှင်မှာ အမျိုးသားဖြစ်ပြီး စာအရေးအသားမှာ အမျိုးသမီးစာရေးသူ ဖြစ်ခြင်းနှင့် ထိုအကောင့်ပိုင်ရှင်မှ မည်သူမည်ဝါရေးသားတင်ပြပါသည်ဟု မှတ်ချက်ပေးထားခြင်း မရှိသောကြောင့် ယခုလိုကူးယူဖော်ပြမိခြင်း ဖြစ်ပါသည်။ယခုစာရေးသူအနေဖြင့် မိမိမှာ စာရေးသူဖြစ်ကြောင်း လာရောက်အသိပေး၍ ပြန်လည်ဖြုတ်ချစေလျင် ဖျက်ပေးမည်ဖြစ်ပြီး credit ပေးစေ၍ ဆက်လက်ဖော်ပြစေလိုလျင် ဆက်လက်ထားရှိပါမည်။မူလစာရေးသူအား သိရှိသူများမှာလည်း လာရောက်အကြောင်းကြားစေလိုပါသည်။တစ်စုံတစ်ဦး၏ လေ့လာတွေ့ရှိချက်နှင့် ကြိုးစားအားထုတ် ရေးသားတင်ဆက်မှု ဗဟုသုတမျှဝေမှုများအား မိမိတို့ Page မှ အထူးပင် လေးစားဂုဏ်ယူပါသည်ဟု ပြောကြားလိုပါသည်ခင်ဗျာ။

မြန်မာ့စေတီ ပုထိုးများရဲ့ ဗိသုကာ အဓိပ္ပါယ်ကို ပုံဖော်ခြင်း

[ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊
ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ
စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ
ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။ ]

နိုင်ငံခြားတွင် ကျောင်းတက်ရင်း လူမျိုးပေါင်းစုံ၊ ဘာသာတရား ကိုးကွယ်မှု ပေါင်းစုံသော လူများနှင့် အလိုက်အထိုက် နေထိုင်ပြောဆို ဆက်ဆံရသည်မှာ
ဒေသန္တရ ဗဟုသုတ တိုးသည်သာမက လူမှု ဆက်ဆံရေး စွမ်းရည် ပါ စိတ်ညစ်စရာ ကောင်းလောက်အောင် မတိုးချင်ဘဲ တိုးခဲ့ရပါသည်။ အထူးသဖြင့်
အိန္ဒိယတောင်ပိုင်းမှ ကျောင်းသားတစ်ဦးရဲ့ ဂုဏ်ပြိုင်ချင်လွန်းသော အပြုအမူမှာ နေရာ တော်တော်များများ တွင် စော်ကားလိုသော အနက် အဓိပ္ပာယ်
သက်ရောက်လာသောကြောင့် စကားဝိုင်းမှာ မကြာခဏ စကားရည်လုပွဲ အသွင်ဆောင် လာလေ့ရှိပါသည်။

တရက်မှာ ဆောက်လုပ်ရေး လုပ်ငန်း အကြောင်း ဆွေးနွေးခိုက် ဘုရားများ၊ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာများ အကြောင်းကို သမိုင်းကြောင်းနှင့်
ယှဉ်ပြီး ဆွေးနွေးစဉ် မောင်မင်းကြီးသားက တစခန်းထ လာပါတော့သည်။ ဂျာမန်လူမျိုး ဆရာက ရွှေတိဂုံ ဘုရား၏ တည်ထားပုံကို ကမ္ဘာ့အံ့ဖွယ် စာရင်း
သွင်းရပုံကို ချီးကျူးပြောဆိုရာ သူက ဟိန္ဒူ ဘုရားကျောင်းများရဲ့ ရှေးကျပုံ၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀မှ ၅၀၀၀ အလွန် ကပင် ဟိန္ဒူ
ဘုရားစေတီများ တည်ထားခဲ့ပြီး ဖြစ်ပုံ၊ နောက်ပိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ ဘုရားစေတီ များမှာ နှစ်ပေါင်း ၂၀၀၀ ကျော်ခန့်သာ ကြာသေးပုံ တို့ကို
ပြောပြီး ရွှေတိဂုံဘုရားသည် ဟိန္ဒူ ဘုရားစေတီ တည်ထားပုံကို နမူနာယူ အတုခိုးပြီး တည်ထားခြင်း မျှသာ ဖြစ်သည်ဟု ပြောပါလေတော့သည်။

စကားရည်ပြိုင်လုရန် စိတ်မပါလှသော ကျွန်မလည်း သည်နေရာ တွင်တော့ ငုံ့မခံနိုင်တော့ပါ။ ထို့ကြောင့် ဟိန္ဒူ ဘုရားစေတီများသည်
အောက်ခြေအုတ်ခုံကို ဖြစ်စေ၊ မြေပေါ်ပိုင်း အဆောက်အဦကို ဖြစ်စေ အ၀ိုင်းပုံနှင့် အခုံးပုံကို အခြေခံပြီး ဆောက်လုပ်ထားကြောင်း
လေ့လာတွေ့ရှိဖူးပါသည်။ မှန်သလားလို့ အရင်ချည် လိုက်ပါတော့သည်။ မှန်ကြောင်းနှင့် မြန်မာများသည် သူတို့ဟိန္ဒူစေတီတည်ပုံကို လေ့လာထား
သည်ကို ချီးကျူးပါကြောင်း အချွန်နဲ့ မလေသည်။ ထိုအခါမှ ကျွန်မလည်း

၁. ရွှေတိဂုံဘုရားသည် အပေါ်မှ မိုးကြည့်လျှင် ပန်းတင်ခုံခေါ် အောက်ခြေအုတ်ခုံကို လေးထောင့်ကျကျ စတုရန်းပုံဆောက်လုပ်ထားကြောင်း

၂. ပန်းတင်ခုံပေါ်တွင်မှ ပစ္စယာ သုံးဆင့်ခေါ် လှေကားထစ်သဖွယ် ပုံပန်းသဏ္ဍာန်ကို ဆဌဂံ မှ အဆင့်ဆင့် အဌဂံပုံသို့ ပြောင်းလဲ
တည်ဆောက်ထားကြောင်း၊ ရည်ရွယ်ချက်မှာ စတုရန်းမှ စက်ဝိုင်းပုံသို့ ပြောင်းလဲ သွားဟန်ကို မျက်စိ ပသာဒ ဖြစ်ဖွယ် ပြေပြေလေး ပြောင်းလဲယူခြင်း
ဖြစ်ကြောင်း

၃. ပစ္စယာ သုံးဆင့် ပေါ်တွင် အမျှဝေခြင်း အထိမ်းအမှတ် ခေါင်းလောင်း မှောက်ကို တည်ထားရာ ခေါင်းလောင်းခြေမှာ အခွက်ပုံဖြစ်ပြီး ခေါင်းလောင်း
စည်းရဲ့အပေါ်ပိုင်းမှာ အခုံးပုံဖြစ်ကြောင်း၊ အခုံးနဲ့ အခွက်ကို ကြည့်သူရဲ့ အမြင်တွင် သဟဇာတဖြစ်အောင် ဆက်ထားပုံကို ပညာယူနိုင်ကြောင်း

၎. ခေါင်းလောင်းမှောက်ရဲ့ အထက်တွင် ကြာမှောက် ကြာလှန်ကို တည်ထားပုံမှာလည်း သည်သဘော တရား ပင် ဖြစ်ကြောင်း

၅. ငှက်ပျောဖူးတွင် အထက်သို့ ရှူးတက်သွားပြီးမှ ထိပ်ဆုံးတွင် ထီးတော်နဲ့ ပြန်အုပ်ထားသော ဒီဇိုင်းမှာ လည်း ဖူးမြော်သူရဲ့စိတ်ကို ထိပ်ဆုံးသို့
အာရုံစုစည်းစေပြီးမှ ထီးတော်ကို ကြည်ညိုနိုင်စေရန် ဆွဲဆောင်သော ဗိသုကာဖြစ်ကြောင်း

၆. ပုထိုးတော် ဒီဇိုင်းဖြစ်သော အာနန္ဒာ ဘုရားသည် ထိပ်ပိုင်းက ဟိန္ဒူ ဒီဇိုင်းဟု ထင်ရသယောင်၊ ဆင်သ ယောင် ရှိသော်လည်း လိုဏ်သုံးထပ်
လုပ်ထားပုံမှာ လုံးဝမတူ ခြားနားခြင်းရဲ့ သက်သေဖြစ်ကြောင်း၊ ရွှေတိဂုံ ကဲ့သို့ မတည်ရခြင်းမှာ အပူပိုင်းဒေသ ရပ်ဝန်းတွင် တည်ရသည့်အတွက်
ဘုရားဖူးလာသူများရဲ့ ကြည်ညိုစိတ်ကို ဖန်တီးနိုင်ရန် ရည်ရွယ်ပြီး ပုထိုးတော်ကဲ့သို့ တည်ခြင်း ဖြစ်နိုင်ကြောင်း၊

လိုဏ်နံရံများရှိ ကျောက်ပန်း ဇကာများသည် အကောင်းဆုံး သက်သေ ဖြစ်ကြောင်း၊ အပြင်ဘက်ဆုံး
ကျောက်ပန်း ဇကာသည် ဖုန်စစ်ရန်၊ အလယ်နံရံရှိ ကျောက်ပန်း ဇကာသည် နေရောင်စစ်ရန် ဖြစ်ပြီး အတွင်းဘက်ဆုံး ရုပ်ပွားတော်များ တည်ထားရာ
ဂန္ဓကုဋီ၏ နံရံရှိ ကျောက်ပန်း ဇကာသည်ကား လေပူစစ်ရန် ဖြစ်ကြောင်း ကျောက်ပန်း ဇကာများရဲ့ ဒီဇိုင်းကို ကြည့်ပြီး သိနိုင်ကြောင်း။

ရည်ရွယ်ချက်မှာ ဘုရားဖူး လာသူသည် နေပူ၊ လေပူ၊ ဖုန်ထူ တို့ကို ဖြတ်ပြီး ဘုရားဖူး လာရာတွင် ပုထိုးတော် ထဲသို့ ရောက်သည်နှင့် လူရော စိတ်ပါ
အေးချမ်း တည်ငြိမ် သွားစေရန် ရည်ရွယ်ကြောင်း၊ နေပူထဲမှ လာသော စိတ်ပျံ့လွင့် နေသော ဘုရားဖူးသူကို အလင်းရောင် စစ်ထား သောကြောင့်
မှောင်သယောင် အလင်းမှိန်သော ပုထိုးတော်ထဲတွင် စိတ်ကို တည်ငြိမ် စေပြီးမှ ရုပ်ပွားတော် ပေါ်တွင်သာ အလင်းကျ ရောက်နေ စေရန် စီစဉ်ထားသော ဗိသုကာ
လက်ရာကြောင့် အမှောင်ထဲတွင် လင်းနေသော ရုပ်ပွားတော်ကို ဖူးမြော်စေလေရာ ကြည်ညို သဒ္ဓါစိတ်ကို ဖြစ်ပေါ်စေ ကြောင်း၊

စိတ်ပညာကိုပါ အသုံးပြုကာ ဘုရားကို ထိုကဲ့သို့သော ပုံပန်းသဏ္ဍာန်ဖြင့် ဆောက်လုပ်သော ဗိသုကာလက်ရာကို
အရှေ့တောင် အာရှ တခွင်တွင်ရော၊ တကမ္ဘာလုံး တွင်ပါ မမြင်ဖူး သေး သောကြောင့် ရှိလျှင် လမ်းညွှန်ပါရန်နှင့် ထိုထိုသောအကြောင်းတို့ကို ဟိန္ဒူဘုရားများ တွင်သာမက မည်သည့်လူမျိုး၊
ဘာသာရဲ့ အထိမ်းအမှတ် မှာမှ မမြင်ဖူး သောကြောင့် မြန်မာ့လက်ရာ ဗုဒ္ဓဘာသာ စေတီပုထိုးများရဲ့ ဗိသုကာ လက်ရာသည် အတုမရှိ၊ ကိုယ်ပိုင် လက်ရာသာ
ဖြစ်ကြောင်း အပြတ် ဖြတ်ချရလေသည်။

ထိုအခါ ထိုအိန္ဒိယကျောင်းသားမှအပ ကျန် နားထောင်နေသူများ အားလုံးက လက်ခံ ခေါင်းညိတ်ကြပြီး ဂျာမန် ဆရာကမူ လက်ခုပ်တီး အားပေးလေ သည်။ သည်စကားရည် လုသလို ဖြစ်သွားသော အတန်းတွင်း စာဆွေးနွေးပိုင်းတွင် အမှတ်များစွာ ရလိုက်ပြီး ထိုဘာသာတွင် ဂုဏ်ထူးထွက် ခဲ့ပါသည်။

သို့သော် ကျွန်မကမူ ကျွန်မ အဖြေကို လုံးဝ မကျေနပ် ခဲ့သေးပါ။ သည်မျှလောက် မကသေး ဟု ယုံကြည် လက်ခံ ထားမိပြီး မိမိကိုယ်ကို လုံးဝမကျေနပ်ပါ။ ဗုဒ္ဓဘာသာ
မြန်မာလူမျိုးများသည် ဘုရားစေတီ ပုထိုးများ သို့ ပုံမှန် မဟုတ်တောင် မကြာခဏ သွားလာ ဖူးမြော် ကြသည်။ အထူးသဖြင့် နေ့ကြီးရက်ကြီးများတွင် လူငယ်
လူကြီးမရွေး ဘုရားဖူး သွားကြလေသည်။ သူလိုကိုယ်လို ဘုရားဖူးနေကျ ဖြစ်သောကြောင့် ဖူးမယ့် သာ ဖူးလိုက်သည်။ ဘုရားကို ဘာလို့ သည်လို တည်ထား
သလဲ ဆိုတာ၊ ဘုရားမှာ ဘာလို့ သည်လိုနေရာ တွေ ထည့်ထားသလဲ ဆိုတာ တခါမှမစဉ်းစားဖူးခဲ့ပါ။ စပ်စုတတ် လွန်းသည်ဟု သတ်မှတ်ခံရသော ကျွန်မ
လိုက်မေးသမျှ၊ လိုက် စုံစမ်းသမျှ အထက်မှာ ပြောဆိုခဲ့သလောက်သာ သိခဲ့ရ၊ မှတ်သားခဲ့ရ ဖူးလေသည်။

ဘာကြောင့် ပန်းတင်ခုံလို့ခေါ်ပြီး သည်လိုပုံစံ တည်ထားရသလဲ။ ဘာကြောင့် ပစ္စယာ ကို ၃ဆင့် ထားရ သလဲ။ ဘာကြောင့် ခေါင်းလောင်းမှောက်မှာ ရင်စည်းကို ဘာ အဓိပ္ပာယ်နဲ့ ထည့်ထားသလဲ။ ဘုရားမှာ ဘာကြောင့် ကြောက်စရာ ဘီလူးပန်းဆွဲ ဆိုတဲ့ပုံနဲ့ ဗိသုကာ လက်ရာ ပါနေရသလဲ။ ဖောင်းရစ်က ဘာလို့ ခုနှစ်ရစ်ဖြစ်နေရသလဲ။ ကြာကို ဘာကြောင့် မှောက်လိုက် လှန်လိုက် ထည့်ထားရသလဲ။ ဘာကြောင့် ကြာပန်းကိုမှ ရွေးထည့်ရသလဲ.. စသည် စသည်ဖြင့်ယနေ့တော့ စိတ်နည်းနည်း ပါသဖြင့် တရားနာရန် အခွေရွေးရာ ဓမ္မစေတီဆရာတော်
ဦးကောသလ ဟော သော နှလုံးသားဝယ် ဘုရားတည် ဆိုသော တရားခွေကို ရွေးလိုက်သည်။

မမျှော်လင့်ဘဲ ဆရာတော် ဟော သော တရားတော်ထဲမှာ ကျွန်မသိချင်လှသော ဘုရားတည်ရခြင်း အကြောင်းရင်းများကို နာလိုက်ရသဖြင့် မျက်ရည်လည်အောင်
ဝမ်းသာမိရပါသည်။

၁. ပန်းတင်ခုံကို အကျယ်ဆုံးနဲ့ အောက်ဆုံးမှာထားတာဟာ လူ့စိတ်တွေထဲမှာ လောကုတ္တရာနည်းနဲ့ ပိုင်းခြားရင် အဆင့်အနိမ့်ဆုံးလူမှာ လိုချင်မှုတွေ
အများဆုံးဖြစ်လို့ အောက်ဆုံးက ပန်းတင်ခုံကို အကျယ်ဆုံး ထားပေးပြီး ဥပမာပေးခြင်း၊ ဘုရားကို ပန်းကပ်လှူလိုသူတွေ ပန်းတင်လို့ရအောင်
အမြင့်ခုံပုံ ဆောက်လုပ်ပေးထားခြင်းကြောင့် ပန်းတင်ခုံဟု အမည်ပေးခြင်း

၂. ပစ္စယာ ကို ၃ဆင့် ထားရခြင်းမှာ တဏှာ ၃ပါးခေါ် လိုချင်မှုအုပ်စု ၃စုကို ရည်ညွှန်းကြောင်း၊ ယင်းတို့မှာ ဘ၀မရှိမှုကို လိုချင်ခြင်း (နိဗ္ဗာန်ကို
လိုချင်မှုဖြင့် မရနိုင်၊ အရာအားလုံး သူ့သဘောနဲ့ သူ ဖြစ်ပျက်မှုကို သိပြီး အစွဲကျွတ်ခြင်းဖြင့်သာ နိဗ္ဗာန်ကို ရနိုင်ပါသည်။ ထို့ကြောင့်
အကျင့်တရားမရှိဘဲ နိဗ္ဗာန်ကို လိုချင်ခြင်းသည် ဒိဌိ တမျိုးသာဖြစ်သည်။)၊ ဘ၀ကိုလိုချင်ခြင်း၊ ကာမဂုဏ်တရားများ (ရုပ်အဆင်း၊ အသံ၊ အနံ့၊ အရသာ၊
အတွေ့အထိ) တို့ကို လိုချင်ခြင်း ဟူသော လောကုတ္တရာနယ်ရဲ့ အောက်ခြေက တဏှာသုံးပါးကို သတိပေးရန် ပစ္စယာ ကို ၃ဆင့် ထားရခြင်း

၃. ခေါင်းလောင်းမှောက်ခေါ် သပိတ်မှောက်ရဲ့ အဓိပ္ပာယ်မှာ အထက်ပါ သံသရာလည်စေကြောင်း အချက်များကို မပြုလုပ်၊ လက်မခံ ဟူသော အဓိပ္ပာယ်ဖြင့်
သပိတ်မှောက်သည်၊ ခေါင်းလောင်းမှောက်သည်ဟု လမ်းညွှန်ခြင်း

[စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို ရွေးချယ်စီစဉ်နိုင်သော
ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ...] . .

၎. သံသရာကို ဘီလူးလိုကြောက်ပြီး အထက်နိဗ္ဗာန် ပန်းကို လှမ်းဆွဲစေချင်သည်ဟူသော သတိပေးချက်ကို ဘီလူးပန်းဆွဲဖြင့် ဥပမာပေးခြင်း၊
ပုံပန်းသဏ္ဍာန် ၅ခုမြောက်တွင် ဘီလူးပန်းဆွဲကို ထားခြင်းမှာ ဥာဏ်စဉ် ၁၆ပါးရှိသည့်အနက် ၅ဆင့်မြောက် ဘယဥာဏ်ကို ညွှန်းဆိုလိုသောကြောင့်
သည်နေရာတွင် ဘီလူးပန်းဆွဲ ကို ထားခြင်း၊ (အထက် မြန်မာပြည်တွင် ဘီလူးကို ပါအောင်ထည့်ပြီး အောက်မြန်မာပြည် တွင်မူ ဘီလူး ထားခြင်း အဓိပ္ပာယ်ကို
တလွဲတွေးသဖြင့် လည်းကောင်း၊ ဘီလူးကို အပါယ်လေးဘုံသားဟု သတ်မှတ်ကာ ဘုရားတွင် မထားချင်သဖြင့် လည်းကောင်း ဘီလူးမပါဘဲ ပန်းဆွဲကိုချည့်သာ
ထည့်လေ့ရှိသည်ကို သီးခြား မှတ်သား နိုင်ပါသည်။ ) သည်နေရာတွင် ပန်းဆွဲ ၁၆ခု ရှိနေသည်မှာ ရိပ်သာများတွင် ယောဂီများကို တရားစစ်ရာတွင်
အဆင့်သတ်မှတ်သော သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် မရခင် အခြေခံ ဥာဏ်စဉ် ၁၆ပါးကို ညွှန်းခြင်း

၅. ခါးစည်း ခေါ် ရင်စည်း ၃ချောင်း ထားရခြင်းမှာ မိမိရဲ့ စိတ်နဲ့လုပ်ရပ်ကို သီလ၊ သမာဓိ၊ ပညာ ဟူသော ထိမ်းကွပ်မှု ၃မျိုးနှင့် ထိန်းကွပ်ရန်
သတိပေးလိုခြင်း

၆. ဖောင်းရစ် (၇)ရစ်မှာ ၀ိသုဒ္ဓိ (၇)ပါးကို ရည်ညွှန်းခြင်း

၇. စေတီတော်ရဲ့ ၁၄ဆင့်မြောက်မှာ ကြာမှောက်ကို ထားခြင်းသည် တရားအားထုတ်နေသော ယောဂီဖြစ်လျက် သောတာပတ္တိ မဂ်ဥာဏ်ဖိုလ်ဥာဏ် ရခါနီး
ဥာဏ်စဉ် ၁၄ဆင့်မြောက် ရောက်နေစေဦးတော့ သံသရာအတွက် စိတ်မချရသေးဘဲ ထိုအချိန်တွင် မကောင်းမှုအကုသိုလ်များကို မှောက်မှားစွာ
လုပ်မိနိုင်သေးကြောင်း၊ ထိုသို့လုပ်မိပါက အောက်သံသရာ အပါယ်လေးဘုံသို့ မှောက်မှောက်မှားမှား ပြန်လည်ကျရောက်နိုင်သေးကြောင်း သတိပေးလိုခြင်း

၈. ကြာမှောက်နှင့် ကြာလှန်ကြားရှိ ရွဲလုံးများသည်ကား ဒဿန နယ်ကို ပြဆိုပြီး ဥာဏ်စဉ် အမှတ် ၁၅နှင့် ၁၆သည် အခြားမရှိ
ချက်ချင်းဖြစ်ပေါ်လေ့ရှိပြီး လောကီသားဘ၀၊ လောကီနယ်မှ လောကုတ္တရာသားဘ၀၊ လောကုတ္တရာနယ်သို့ ကူးပြောင်းခြင်းကို ပြဆိုခြင်း

၉. ကြာလှန်သည် ထို ဥာဏ်စဉ် ၁၆ပါးလုံးကို ရရှိပြီးပါက သောတာပန် ဖြစ်ပြီ ဖြစ်ပြီး အောက်သံသရာကို ပြန်စရာမရှိတော့ဘဲ အထက် မဂ်ဖိုလ်များကို ရရှိကာ
အလွန်ဆုံးခုနှစ်ဘ၀သာ သံသရာမှာ ကျင်လည်ရပြီး အထက် နိဗ္ဗာန်ကိုသာ ၀င်စံရသောကြောင့် အထက်သို့လှန်တက်နေသော ကြာလှန်ကို ပုံဥပမာ ပေးထားခြင်း

၁၀. သင်္ကေတ၀ါဒ အရ ကြာပန်းကို ထားရခြင်းမှာ ရေမှာ နွံမှာ ပေါက်ဖွားသော ကြာပင်ဖြစ်လျက် ရေမစို၊ နွံမလူး၊ မွှေးကြိုင် သင်းပျံ့ခြင်း ရှိသော
ကြာပန်းကဲ့သို့ လောကီနယ်မှ လူသားအဖြစ်မှ လောကုတ္တရာ နယ်သား ဘုရားဖြစ်အောင် ကျင့်ကြံ အောင်မြင်ရာတွင် ဘုရားနှင့်ကြာပန်း တို့တွင် အဓိပ္ပာယ် ဆင်တူသော
ဂုဏ်ရည်ချင်းကို ဥပမာ ခိုင်းနှိုင်း လိုသောကြောင့် ကြာပန်းကို သုံးခြင်းဖြစ်ကြောင်း၊ ဂေါတမ မြတ်စွာဘုရား ဗျာဒိတ် ခံစဉ်တွင်လည်း
ကြာပန်းကိုသာ ကပ်လှူခြင်း၊ ဖွားစဉ်ကလည်း ကြာပွင့်များ အလိုလိုပေါ်လာကာ ခြေချရာတိုင်း ခံလာရခြင်း တို့ကြောင့် ကြာပန်းသည် ဗုဒ္ဓ၏ သင်္ကေတ ဖြစ်ခြင်း၊

၁၁. ထီးတော် (၇) ဆင့်သည် အထက်ဖိုလ် ခုနှစ်ပါးကို ပြဆိုခြင်း

၁၂. ငှက်မြတ်နား ဆိုသည်မှာ ဘုရား၊ ရဟန္တာတို့ လက်ရှိဘ၀မှ နိဗ္ဗာန်သို့ မ၀င်စံမီ (သို့မဟုတ်) ပရိနိဗ္ဗာန် မပြုမီ ခေတ္တခဏ
နားနေရာအချိန်အခိုက်အတန့်ကို ပြဆိုလိုခြင်းဖြစ်ကြောင်း၊ ထို့ပြင် ရွှေတိဂုံဘုရား၏ ထို ဟင်္သာအမြီးပုံ ငှက်မြတ်နားတွင် ပတ္တမြားကို
ထုလုပ်ထားသော ဘုရားရုပ်ပွားတော် လေးကို မြုပ်နှံဌာပနာ ထားခြင်းသည် အဓိကသက်သေဖြစ်ကြောင်း၊ ငှက်မြတ်နား ဟုခေါ်ဆိုလေ့ရှိသော်လည်း တကယ်တော့
အများသူငါ တွေးထင်သလို ငှက်မြီးပုံကို ငှက်မြတ်များကို ကိုယ်စားပြုသည်မဟုတ်ဘဲ နက္ခတ်ဗေဒင် ပညာ တွင် မြန်မာနိုင်ငံကို
ကိုယ်စားပြုသော ဟင်္သာပုံ နက္ခတ်ကို ယူကာ သည်စေတီကို တည်ထားကိုးကွယ်သော မြန်မာနိုင်ငံသားများ၏ အစွမ်းအစကို သမိုင်းမှတ်တမ်းတင်ရန်လည်းကောင်း၊
ထိုမြန်မာနိုင်ငံသားများရဲ့ ကုသိုလ် အကျိုး အထွဋ်အထိပ် သို့ ရောက်ပါစေခြင်း အကျိုးငှာလည်းကောင်း ဟင်္သာအမြီးသဏ္ဍာန် တည်ထားခြင်း၊

၁၃. စိန်ဖူးတော် သည် အသင်္ခတဓာတ် နိဗ္ဗာန်မြတ်ကို ရည်ညွှန်းခြင်း။ အခြားဓာတ်များကို ကံ၊ စိတ်၊ ဥတု၊ အာဟာရ တို့ဖြင့်
ပြင်လို့ရနိုင်သေးသဖြင့် သင်္ခတဓာတ်ဟုခေါ်ပြီး နိဗ္ဗာန်သည်ကား မည်သို့မျှ ပြန်လည် ပြုပြင် ပြောင်းလဲမှုမရှိတော့သော ဓာတ်ဖြစ်သဖြင့်
အသင်္ခတဓာတ်ဖြစ်ကြောင်းကို ရည်ညွှန်းခြင်း

(က) ကာဗွန်ဒြပ်စင် သည် မီးသွေး၊ ကျောက်မီးသွေး၊ ဂျာမနီယမ်နှင့် စိန်ဆိုပြီး လေးဆင့်ရှိရာတွင် စိန်အဆင့်တွင် ကာဗွန်ဒြပ်စင်သည်
အသန့်စင်ဆုံးအဆင့်ရောက်နေပြီဖြစ်သလို သောတာပန်၊ သကဒါဂမ်၊ အနာဂမ်နှင့် အရဟတ္တ မဂ်ဖိုလ်ရပြီးသူ ဘုရား၊ ရဟန္တာ တို့တွင် ထိပ်ဆုံးအဆင့် ဘုရားသည်
ကိလေသာ လုံးဝစင်ကြယ်ဆုံး အဆင့်ရောက်နေသည်ကို ပြဆိုခြင်း၊

(ခ) အမာဆုံး၊ အသန့်စင်ဆုံးနှင့် ဓာတ်ပြိုကွဲမှု လုံးဝမရှိတော့ခြင်း ဟူသော ဂုဏ်ရည်တူချင်း ခိုင်းနှိုင်းဥပမာပေးထားခြင်း
သည်နေရာတွင် ငှက်မြတ်နားအဆင့်တွင် အခက်အလက်များမှာ ငှက်မြီးသဖွယ် ဖြာထွက်နေသော်လည်း စိန်ဖူးတော်ကို ဘာကြောင့် တလုံးတည်း ထားသနည်းဟူသော
မေးခွန်းရှိလာပါသည်။ ရဟန္တာ ကိုယ်တော် ကြီး များသည်ကား အချင်းချင်းတွင် ဘုန်းချင်း၊ တန်ခိုးချင်း၊ ပညာချင်း၊ လာဘ်လာဘချင်း မတူညီဘဲ သံသရာတွင်
သူတို့အသီးသီး ပြုခဲ့ကြသော အကျိုးပေး အားလျော်စွာ ကွဲပြားခြားနား ကြသော်လည်း နိဗ္ဗာန်သို့ ၀င်စံတော်မူကြသည့် အခါတွင်ကား တူညီသော တခုတည်းသော
အသင်္ခတဓာတ်သို့သာ သက်ရောက်ကြသဖြင့် စိန်ဖူးတော်ကို တစ်ဆူတည်း ထားခြင်းဖြစ်လေသည်။

၁၄. အထက်ပါအချက်များနဲ့ ပြည့်စုံပါက ထေရ၀ါဒ ဗုဒ္ဓဘာသာရဲ့ နည်းစနစ်ဖြင့် မဟာ သတိပဌာန သုတ္တန် ရဲ့ စံချိန်စံညွှန်းများနဲ့ ဆောက်လုပ် တည်ထား
ကိုးကွယ်သော စေတီဖြစ်ပြီး စေတီ တည်ရခြင်း အကြောင်း အနှစ်တရား များကို သိရှိပြီး ကြည်ညို ပူဇော်ပါက အဖိုးမဖြတ် နိုင်သော အကျိုးကျေးဇူးတရားများ
ခံစားကြ ရမည် ဖြစ်လေသည်။

သို့သော် အထက်ပါ အချက်များနဲ့ မပြည့်စုံသောစေတီဖြစ်ပါက ဓာတ်ရိုက် ဓာတ် ဆင်၊ ယတြာ၊ အထက်လမ်း၊ အစီအရင်များနဲ့
တည်ထားသော စေတီ မျှသာ ဖြစ်ကြောင်း သိရှိ နိုင်ပါသည်။ ထိုစေတီ များကိုဖူးမြော်ပါက စီရင်သူရဲ့ ရည်ရွယ်ချက်နှင့် ဖူးမြော်သူရဲ့ စိတ်စေတနာ
အလိုက်သာ အကျိုး ပေးမည်ဟု မှတ်ယူ နိုင်မည် ထင်ပါသည်။

ထို့ပြင် ဘုရားများတွင် တွေ့ရလေ့ရှိသော တိုင်ထိပ်တွင် ဟင်္သာနားနေဟန်
တံခွန်တိုင်အကြောင်းကိုလည်း ရှာရှာဖွေဖွေ သိလိုက်ရသည်။ မာနတံခွန်တက်နေသူများ ဘုရားထံမှောက် ရောက်လိုလျှင် မာနကို အရင်ချ ခဲ့ရန်
သတိပေးခြင်းဖြစ်ပြီး ရှေးခေတ်က ဘုရားသို့ လာသူများသည် တံခွန်တိုင်ကိုမြင်သည့်အရပ်မှ စတင် ကာ မာနချသည့်အနေဖြင့်ရော အရိုအသေ ပေးသည့် အနေဖြင့်ပါ
ဖိနပ်ချွတ်ခဲ့လေ့ရှိကြောင်း၊ မာနခံနေပါက တရားမရနိုင်ကြောင်း၊ မာနစွဲကြီးသူသည် သက္ကာယဒိဌိခေါ် ငါစွဲကြီးသော သူများ ဖြစ်သောကြောင့် ငါစွဲ
ပေါ်တွင်သာ မာနတက်လို့ ရသောကြောင့် မာနကြီးသူသည် တရားရဖို့ ခဲယဉ်းကြောင်း၊
ယင်းမာနကို ဘုရားပေါ်မရောက်ခင် အဝေးကတည်းက သတိပေးသည့် အနေဖြင့်တံခွန်တိုင်ကို မြင့်မြင့် တည်ထားခြင်း ဖြစ်ကြောင်း သိရလေသည်။
ထိုမျှမကသေးပါ.. စေတီတော်မှ ညွှန်ပြသော သင်္ကေတများမှ ဟောပြောနေသော တရားတော်များကို ဆင်ခြင် နှလုံးသွင်း နိုင်ပါက ပါရမီ ရင့်သန်သူ ဖြစ်ပါက
ဘုရားဖူးရင်းပင် နိဗ္ဗာန်ရနိုင်ကြောင်း ဆရာတော်က ဆက်ဟောပါသည်။ ဖြစ်နိုင်လောက်ပါသည်။

ဒါကြောင့်လည်း
ဘုရားသို့မှန်း ခြေတလှမ်း သိန်းသန်းမကထိုက် လှူသူ၊ ဖူးသူ၊ ပေးဝေသူ နတ်လူ ဘုံသို့ဆိုက် ဟု လင်္ကာလေး ထားခဲ့ခြင်း ဖြစ်တန်ရာပါသည်။
သည်လောက်တောင် စေတီရဲ့ အစိတ်အပိုင်း တစ်ခုချင်းစီ အတွက်ရော အားလုံးခြုံငုံပြီးပါ အနှစ်ပါပါ အဓိပ္ပာယ်ရှိရှိ ပုံသဏ္ဍာန်များကို
ရွေးချယ်စီစဉ်နိုင်သော ရှေးမြန်မာကြီးများရဲ့ သင်္ကေတ ၀ါဒကို အံ့သြချီးကျူးလို့ မဆုံးနိုင်တော့ပါချေ။ ထို အဟောင်းများရဲ့ အနှစ်များကို
မသိပါဘဲ လျက်ဖြစ်စေ၊ သိလျက်နဲ့ ဖြစ်စေ ငါက အသစ်ထွင်တယ် ဆိုသော စကားကိုလက်ကိုင်ပြုပြီး အဟောင်းကို ဖျက်ဆီးကာ အသစ်ထွင်ခြင်း၊ အဟောင်းနဲ့ အသစ်ကို ရောခြင်းများကို ပညာမဲ့ပီပီ ပြုလုပ်နေကြသူ တချို့ကို တွေ့တိုင်း စိတ်မကောင်း ဖြစ်ရပါသည်။

သူတို့စိတ်ထဲတွင်တော့ သမိုင်းတွင် ငါ့ထက်တော်သူမရှိစေရ၊ ငါက သမိုင်းကို ဖျောက်ချင်သလို၊ ပြင်ချင်သလို
ပြင်နိုင်သည်ဟု တလွဲမာနရှိဟန်တူလေသည်။ ပညာရှင်တို့ စိတ်ထဲတွင်တော့ အ၀ီစိကျမည့် သမိုင်းတရားခံများ ဟု သာ သတ်မှတ်ကာ သနားလေမည်။ အဟောင်းရဲ့
အနှစ်သာရ ကို အရင်လေ့လာပြီး အဟောင်းရဲ့ အနှစ်သာရ ထက်သာသော အသစ်ကိုထွင်နိုင်ပါမှ တိုးတက်ခြင်း အစစ် အဖြစ်ကြီး ဖြစ်ပေမည်။ သို့မဟုတ်ပဲ
အသစ်ဖြစ် ပြီးရော လျှောက်လုပ်လျှင်ကား အသုံးမကျ လှသောအစုတ်ပလုတ်များနှင့် သည်လို လျှောက်လုပ်ရင် အစုတ်ပလုတ်တွေ ဖြစ်ကုန်တတ်တယ်
ဟု ဥပမာ ပြစရာများသာ ကျန်ခဲ့မည် ကိုလည်း သတိတရား ရလိုက်ပါသည်။

ကျေနပ်သွားသော စိတ်ကို ပြန်လည် သတိထားရင်း တရားတော်ကို ဟောပြသောဆရာတော်ကို လည်းကောင်း တရားဆုံးအောင် နာလိုက်ခွင့်ရသော မိမိရဲ့
ကုသိုလ်ကံကို ကျေးဇူးတင်လိုက်မိသည်။ ခုလို သူငယ်ချင်းများနဲ့ စာဖတ်သူများကိုပါ ဝေငှခွင့်ရမှုကို ပိုလို့ပင် ကျေးဇူး တင်မိသည်။ ကျွန်မ အတွက်
ကတော့ သည်နေ့ကစပြီး ဘုရားကို အနှစ်ပါပါ နှလုံးသားနှင့် ဖူးတတ်ပါပြီ ဟုသာပြောချင်ပါသည်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုး စာဖတ်သူ များလည်း သိပြီးသား
ဆိုလျှင်ဖြင့် အဖော်ရသည်မို့ ၀မ်းသာစွာ လက်ဆင့်ကမ်း ကြိုဆိုလိုက်ပါသည်။မသိသေးသူများ ဘုရားကို နှလုံးသားဖြင့် အနှစ်ပါပါ အသိတရား အပြည့်ဖြင့်
ဖူးမြော် နိုင်ကြအောင် သည်ဆောင်းပါးကို ရေးသား ဝေမျှရသော ကုသိုလ်ရဲ့အဖို့ဘာဂ ကို စာဖတ် သူ ပရိသတ်ကို လည်း ကောင်း၊ သည်လို မြန်မာစာ၊
ယဉ်ကျေးမှု၊ သာသနာတို့ အဓွန့်ရှည် တည်တံ့ ကျန်ရစ်အောင် မြန်မာ့ယဉ်ကျေးမှုတွေ ပပျောက် မသွားအောင် ထိန်းသိမ်းခွင့်ကို အသက် ပေးကာ
လွတ်လပ်ရေး အတွက် တိုက်ယူ ပေးခဲ့ကြသော အာဇာနည် ခေါင်းဆောင်ကြီး ၉ဦးအပါအ၀င် အာဇာနည်များ အားလုံးကို လည်းကောင်း၊ ၃၁ဘုံတွင် ကျင်လည်ကုန်သော
ဝေနယျ သတ္တ၀ါများ အားလုံးကို လည်းကောင်း အမျှ ပေးဝေပါသည်။ အမျှရပြီးနိဗ္ဗာန်သို့ မျက်မှောက်ပြု နိုင်ကြပါစေ။

၂၀၁၅ ပညာသင်နှစ်အတွက် တက္ကသိုလ်တက်ရောက်ရမည့် ကျောင်းသားကျောင်းသူများအတွက် တက္ကသိုလ်အလိုက် အနိမ့်ဆုံးရရှိရမည့် ဝင်ခွင့်အမှတ်...
17/06/2015

၂၀၁၅ ပညာသင်နှစ်အတွက် တက္ကသိုလ်တက်ရောက်ရမည့် ကျောင်းသားကျောင်းသူများအတွက် တက္ကသိုလ်အလိုက် အနိမ့်ဆုံးရရှိရမည့် ဝင်ခွင့်အမှတ်စာရင်း ။

၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၂၃နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်သွားသော မြန်မ...
13/06/2015

၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ၂၃နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲသို့ တက်ရောက်သွားသော မြန်မာ၂၃နှစ်အောက် လူငယ်အမျိုးသားအသင်းအား လှိုက်လှိုက်လှဲလှဲ ချီးကျူးဂုဏ်ပြုပါသည်။

မြန်မာအသက်၂၃နှစ်အောက် လူငယ်အမျိုးသားအသင်းမှာ ၂၀၀၁ ခုနှစ်မှစ၍ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ ယခုဆိုရင် ၇ကြိမ်မြောက် ရှိခဲ့ပါပြီ။
အမြင့်ဆုံးဆုတံဆိပ် အနေနဲ့ကတော့ ၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ပွဲမှာ ဒုတိယ ငွေတံဆိပ်ဆု ရခဲ့တာပဲ ဖြစ်ပါတယ်။

ယခုတဖန် စင်ကာပူနိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ ၂၈ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲမှာတော့ အခုလာမယ့် ၁၅ရက်နေ့ တနင်းလာနေ့ မြန်မာစံတော်ချိန် ည၇နာရီတိတိမှာ ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၂၀၀၇ ခုနှစ် ထိုင်းနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ SEA Games ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ၂ဂိုး ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ရပြီး ဒုတိယဆုနဲ့သာ ကျေနပ်ခဲ့ရတဲ့ ရှုံးကြွေးကို ပြန်ဆပ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Reference- Wikipedia
Photo - MFF

Different between guys and girls ! Credit ........
12/06/2015

Different between guys and girls !

Credit ........

Positive Thinking ++By Ptဘုရားစာတွေတော့ နေ့စဉ်ရွတ်ဖတ်နေရတယ်။အဓိပ္ပါယ်တော့မသိဘူးဆိုတာက တကယ်တမ်းက အဓိပ္ပါယ်သိနေရင်တော့ ပိုကေ...
07/06/2015

Positive Thinking ++
By Pt

ဘုရားစာတွေတော့ နေ့စဉ်ရွတ်ဖတ်နေရတယ်။အဓိပ္ပါယ်တော့မသိဘူးဆိုတာက တကယ်တမ်းက အဓိပ္ပါယ်သိနေရင်တော့ ပိုကောင်းတာပေါ့နော်။ဒါပေမယ့်လည်း အဓိပ္ပါယ်မသိဘဲ ဒီအတိုင်းရွတ်ဖတ်နေတာကိုတော့ အပြစ်ပြောလို့မရပါဘူး။အကျိုးလည်း မယုတ်ပါဘူး။
ဘာ့ကြောင့်လည်းဆိုတော့ ဘုရားစာရွတ်ဖတ်ဖို့အတွက် သင်ဟာအဲ့ဒီဘုရားစာကို အလွတ်ရရပါမယ်။အလွတ်မရလို့ စာအုပ်ကြည့်ရွတ်တာဆိုလည်း အသံထွက်များကို မှန်ကန်စွာ ရွတ်ဖတ်နိုင်ဖို့အတွက် ထိုက်သင့်တဲ့ အားထုတ်မှုတစ်ခုတော့ လိုပါတယ်။ဒီလိုအားထုတ်နိုင်ဖို့အတွက်က သင့်ဆီမှာ ရိုသေမှု၊တန်ဖိုးထားမှု၊အလေးထားမှုနဲ့စိတ်ရှည်သည်းခံမှုများ လိုအပ်ပါတယ်။အဲ့ဒီတော့ မခန့်လေးစားလုပ်မှုတို့ အလေးအနက် တန်ဖိုးမထားမှုတို့ ဒေါသထွက်ရန်လိုမှုတို့ရဲ့ ဆန့်ကျင်ဘက်အရာများကို ငယ်စဉ်ကတည်းက သင့်ထံမှာ အခြေခံမွေးမြူပြီးသား ဖြစ်သွားတာပေါ့။
ဘုရားစာမရွတ်လည်း အဲ့ဒီအရာတွေ ရှိတဲ့သူတွေ ရှိပါတယ်လို့ ပြောကောင်းပြောလာနိုင်ပါတယ်။ဒါပေမယ့် ပညာသင်ခဲ့တဲ့ ပညာတတ်တစ်ယောက်နဲ့ပညာမသင်ခဲ့တဲ့ ပညာမဲ့တစ်ယောက် ကွာခြားသလိုပါပဲ။

ဘုရားစာကို ရွတ်ဖတ်တော့မယ်ဆိုကတည်းကိုက မြတ်စွာဘုရားထံမှာ သင့်ရဲ့စိတ်ကို ဦးညွတ်ရပါတယ်။ဒါဆိုရင်တော့ စိတ်တည်ငြိမ်မှုပါ ရရှိစေတာပေါ့။ဘုရားစာရွတ်ဖတ်နေစဉ် အချိန်အတွင်းမှာလည်း သင့်ရဲ့စိတ်အစဉ်ဟာ အဓိပ္ပါယ်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ အာရုံစူးစိုက်မှုနဲ့အတူ တည်ငြိမ်အေးချမ်းနေစေပါတယ်။အနည်းဆုံးတော့ဗျာ သာမန်အချိန်တွေမှာ စဉ်းစားမိနေမယ့် နှာဘူးစိတ်တွေ ဒေါသစိတ်တွေ လောဘစိတ်တွေ မောဟစိတ်တွေကတော့ မရှိနေနိုင်ဘူးလေ။အဲ့ဒီတော့ အဓိပ္ပါယ် သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ကောင်းတာလုပ်တာပဲ မဟုတ်ဘူးလား။အဓိပ္ပါယ်ကို သိရှိနားလည်ပြီး အာရုံပြု ရှိခိုးနိုင်ရင်တော့ အကောင်းဆုံးပေါ့ဗျာ။ဒါပေမယ့် အဓိပ္ပါယ်မသိဘဲ ဒီအတိုင်းရွတ်ဖတ်နေခြင်းကလည်း အကျိုးမယုတ်စေဘူးဆိုတာကို လက်တွေ့ကျကျ သိစေချင်လို့ပါ။

ဗုဒ္ဓဘာသာဝင်အများ ရွတ်ဖတ်ပူဇော်လေ့ရှိတဲ့ ဘုရားစာများကလည်း ထူးထူးခြားခြား ဆန်းဆန်းကျယ်ကျယ်ကြီးရယ်တော့ မရှိပါဘူး။မြတ်စွာဘုရားရဲ့ ဂုဏ်ပုဒ်တွေ ကျေးဇူးတွေအကြောင်းရယ် ငါးပါးသီလရယ် အမျှဝေတာရယ်လောက်ပါပဲ။ယေဘူယျအားဖြင့်ပေါ့။ဥပမာ "နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ" ပေါ့။အဓိပ္ပါယ်ကတော့ အရဟတော-ပူဇော်အထူးကို ခံယူတော်မူထိုက်သော၊
သမ္မာသမ္ဗုဒ္ဓဿ - သိစရာမှန်သမျှ တစ်စမကျန် အမှန်အတိုင်း သိမြင်တော်မူသော၊ တဿ ဘဂဝတော - ထိုမြတ်စွာဘုရားအား ၊ နမော-ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။ ဒါပါပဲ။ဒါ ဘာလဲဆိုတော့ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်ကို ထုတ်ဖော်ပြီး ရှိခိုးကန်တော့တာပဲလေ။"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ဓမ္မံသရဏံ ဂစ္ဆာမိ၊သံဃံ သရဏံ ဂစ္ဆာမိ" ဒါတွေကတော့ ဗုဒ္ဓံ မြတ်စွာဘုရားကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ယုံကြည်ဆည်းကပ်ပါ၏။ဓမ္မံ တရားတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ယုံကြည်ဆည်းကပ်ပါ၏။သံဃံ သံဃာတော်မြတ်ကို သရဏံ ကိုးကွယ်ရာဟူ၍ ဂစ္ဆာမိ ယုံကြည်ဆည်းကပ်ပါ၏။တိုင်တည်တာပေါ့ဗျာ။ကျွန်တော်တော့ ဒါတွေဒါတွေကို ယုံယုံကြည်ကြည်နဲ့ ဆည်းကပ်ပူဇော်ပါမယ်ပေါ့။ပြီးတော့ ငါးပါးသီလ။သူတပါး အသတ်မသတ်ပါဘူး ရှောင်ကြဉ်ပါ့မယ်။သူတပါးပစ္စည်း မခိုးပါဘူး။သူတပါး သားမယား မပြစ်မှားပါဘူး။လိမ်မပြောပါဘူး။အရက်သေစာ၊မူးယစ်ဆေးဝါး မသောက်စားပါဘူး။ကဲ....... ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ခင်ဗျား ရွတ်ဆိုလိုက်သမျှမှာ မကောင်းတာ တစ်ခုမှ မပါဘူး။ဒါတွေကို နေ့စဉ်ရွတ်ဖတ်နေမယ်ဆို သင့်ရဲ့စိတ်မှာ အထပ်ထပ်မှတ်မိနေအောင် အကြိမ်ကြိမ်အခါခါ မှတ်နေသလိုဖြစ်နေပြီး တကယ်တမ်း တစ်ခုခုကို ပြုလုပ်ကျူးလွန်မိတော့မယ်ဆိုရင် သင့်ရဲ့မသိစိတ်ကတဆင့် ဒါဟာမကောင်းဘူးဆိုတာကို အလိုလိုမြင်ယောင်လာမိစေမှာပါ။ပြီးရင် အမျှဝေတယ်။ပြုခဲ့သမျှကောင်းမှုကုသိုလ်တွေကို တလောကလုံး ရှိရှိသမျှအရာအားလုံးကို ထပ်တူထပ်မျှ မျှဝေပေးပါသည်ပေါ့။ဘယ်လောက်ကောင်းလိုက်သလဲဗျာ။ ခင်ဗျားမှာအဲ့ဒီလို မျှဝေလို့ရအောင် ခင်ဗျားကောင်းတာတွေ လုပ်မှ ရတော့မယ်။ကောင်းတာတွေ လုပ်မှတော့ ကောင်းတာတွေပဲ ဖြစ်တော့မှာပေါ့။မဟုတ်ဘူးလား။ကျန်တဲ့ ဘုရားစာတွေကိစ္စကတော့ စာလေးသွားမှာစိုးလို့ အရှည်ရှည်မရေးချင်တော့ပါဘူး။ယေဘူယျသဘောတရားလောက်ကိုပဲ ပြောပြတာပါ။

ပြီးရင် ဘုရားစင်မှာ ဆွမ်း၊ရေချမ်း၊ဆီမီး ကပ်လှူပူဇော်တဲ့ကိစ္စ။ဒါတွေက ဘုရားဟော ဟုတ်မဟုတ်တော့ သေချာမသိပါဘူး။ဒါပေမယ့် မြတ်စွာဘုရားကတော့ သူမရှိတော့ရင် သူ့ကိုအဲ့ဒီလို ပူဇော်ရမယ်လို့ မမှာခဲ့တာတော့ သေချာပါတယ်။သူ့ရဲ့တရားတော်တွေကို လက်ဆင့်ကမ်း မျှဝေပေးမယ့် တပည့်၊သား ရဟန်းသံဃာတော်တွေကိုပဲ ရိုသေကိုင်းရှိုင်းကြပါလို့ပဲ မှာကောင်းမှာခဲ့နိုင်ပါတယ်။ဒါပေမယ့်လည်း ဒါလည်းမကောင်းတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ဘာလို့လဲဆိုတော့ ဆွမ်းတွေ ရေချမ်းတွေ ဆီမီးတွေ ကပ်လှူပူဇော်ဖို့အတွက် သင့်ဆီမှာ ရှိနေတဲ့ မာန်ကိုလျော့ချမှ ရတာပါ။သူတပါးကို ဆည်းကပ်ပူဇော်ဖို့အတွက်ဆိုရင် သင့်ဆီမှာရှိနေနိုင်တဲ့ ငါမှငါ ဆိုတဲ့မာန်လေးကိုတော့ အရင်နှိမ့်ချမှ ရတာပါ။
အဲ့ဒီတော့ ကောင်းကျိုးအနေနဲ့က ရိုသေကိုင်းရှိုင်းတတ်လာမယ်။မိမိကိုယ်မိမိ နှိမ့်ချတတ်လာမယ်ပေါ့။ပြီးရင် ဒီလိုမျိုး ကပ်လှူပူဇော်ဖို့အတွက်က နေ့စဉ်နေ့တိုင်း အချိန်မှန်ပြုလုပ်ရတာမျိုးဆိုတော့ ဇွဲနဲ့လုံ့လ၊ဝီရိယဆိုတာက ပါလာပြန်ရော။အဲ့ဒီတော့ မိမိကောင်းကျိုးလိုလားအတွက်ဖြစ်စေ၊ဘာမှမျှော်ကိုးမှုမရှိပဲ ဖြစ်စေ မြတ်စွာဘုရားရှင်ကို ဆွမ်း၊ရေချမ်း၊ဆီမီး ကပ်လှူပူဇော်တဲ့ ကိစ္စက မကောင်းတာတော့ မဟုတ်ပါဘူး။လက်တွေ့ကျကျ စဉ်းစားတတ်မယ်ဆိုရင်တော့လည်း ကောင်းတဲ့ကိစ္စပါပဲ။

ဒီလိုရွတ်ဖတ်မှု၊ရှိခိုးပူဇော်မှုတွေက မလုပ်မနေရ လုပ်ကိုလုပ်ရမယ်လို့တော့ မဟုတ်ပါဘူး။အဓိက ကတော့ သင့်ရင်ထဲမှာ ဘုရားရှိနေရင် ရပါပြီ။ဒါတွေပြုလုပ်ခြင်းအားဖြင့်တော့ အကျိုးတော့ မယုတ်ပါဘူးဆိုတာလေးကို လက်တွေ့ကျကျ သိစေချင်တာပါ။ဆုတောင်းတယ်ဆိုတဲ့ ကိစ္စမှာလည်း သင်ဆုတောင်းတိုင်းတော့ မပြည့်ပါဘူး။ဒါပေမယ့် ဆုတောင်းခြင်းဆိုတာ တကယ်တမ်းကတော့ တိုင်တည်တာပေါ့။စာမေးပွဲအောင်ပါစေလို့ ဆုတောင်းတယ်။ဒီလိုဆုတောင်းခြင်းဟာ သင့်ရဲ့စိတ်ထဲမှာ စာမေးပွဲအောင်ချင်တဲ့ စိတ်ရှိနေမှပဲ ဆုတောင်းလို့ရမှာလေ။အဲ့ဒီတော့ ဆုတောင်းနေယုံနဲ့တော့ စာမေးပွဲကအောင်မလာနိုင်ပါဘူး။ဒါပေမယ့် ဆုတောင်းခြင်းကို တိုင်တည်သလိုမျိုး၊ ရည်မှန်းချက်တစ်ခုခုကို နေ့စဉ်ဦးတည်ချက်မပျက်အောင်၊ မမေ့အောင် ပြုလုပ်ခြင်းမျိုးလို့ သဘောထားပြီး စာကြိုးစားမယ်ဆိုရင်တော့ သင်စာမေးပွဲအောင်နိုင်မှာပါ။အနည်းဆုံးတော့ နေ့စဉ် သင်ဆုတောင်းနေတော့ စာမေးပွဲဖြေရမယ်ဆိုတာကိုတော့ မမေ့တော့ဘူးပေါ့ဗျာ။အဲ့ဒီလို မမေ့တော့ သင်စာလုပ်ဖို့အတွက် တစ်ရက်မဟုတ်တစ်ရက်တော့ ခေါင်းထဲထည့်ဖြစ်မှာပေါ့။

ပြီးရင် ဟိုဘုရားက ပိုပြီးတန်ခိုးရှိတယ်။အိမ်ကဘုရားကတော့ တန်ခိုးမရှိဘူး။ဒီလိုမဟုတ်ပါဘူး။အဓိကကတော့ မိမိရဲ့ စိတ်ထဲမှာ ဘုရား၊တရား ရှိနေဖို့ပါပဲ။ကျန်တဲ့ကိစ္စဖြစ်တဲ့ ဘုရားများ တန်ခိုးရှိတယ် မရှိဘူးဆိုတဲ့ဟာကတော့ မိမိတို့ရဲ့ သဒ္ဒါစိတ်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ဒါပေမယ့်လို့ ထူးခြားမှုတစ်ခုကတော့ သင့်အိမ်ကဘုရားကိုတော့ ကမ္ဘာအနှံ့ကလူတွေက တကူးတက လာမဖူးကြမှာတော့ သေချာပါတယ်။ရွှေတိဂုံစေတီတော်မြတ်ကြီးနဲ့ဘန်ကောက်က မြဘုရားတို့ ပုဂံက ရှေးဟောင်းဘုရားများတို့ ကျိုက်ထီးရိုးစေတီတော်တို့ကိုတော့ ကမ္ဘာအရပ်ရပ်က လူများက တကူးတက လာရောက်ဖူးမျှော်ကြတာတော့ ထူးခြားမှုတစ်ခုပါပဲ။လူတို့ဖန်တီးပြုလုပ် ထုဆစ်ထားတဲ့ ဘုရားများဖြစ်သော်ငြားလည်း ယုံကြည်ကိုးကွယ်တဲ့သူတွေရဲ့ သက်ဝင်ယုံကြည်မှုနဲ့အတူ သူ့ရဲ့ထူးခြားမှုနဲ့သူ ရှိနေမှာပါပဲ။

တကယ်တော့ ကျွန်တော်တို့ ဗုဒ္ဓမြတ်စွာဘုရားဟာလည်း လူထဲက လူတစ်ယောက်ပါပဲ။ဒါပေမယ့် သူ့ရဲ့ ထက်သန်တဲ့ ပါရမီ၊စင်ကြယ်တဲ့ သီလ၊မြင့်မားတဲ့ အတွေးအခေါ်နဲ့သူမတူတဲ့ ဥာဏ်ရည်၊ထူးခြားတဲ့ ဇွဲလုံ့လ ဝီရိယတွေနဲ့ကြောင့်မလို့ လူတကာ့လူထဲကမှ ဘုရားဆိုတဲ့ အဖြစ်ကိုရရှိခဲ့တာပါ။အဲ့ဒီတော့ ဒီလောက်ကြီး နားလည်နိုင်ဖို့အတွက် သင့်အနေနဲ့ ဥာဏ်ရည်မမှီဘူးဆိုရင်တောင် ကျွန်တော်ပြောပြခဲ့သလို အကောင်းမြင်မှုများနဲ့သာ ရှုမြင်နိုင်မယ်ဆိုရင် အားလုံးအဆင်ပြေသွားမှာပါ။ပြီးရင် အခြားဘာသာဝင် အများအပြားက ဗုဒ္ဓဘာသာဝင်များကို ရုပ်တုကိုးကွယ်သူများလို့ အမြင်ရှိကြတယ်။ထင်ကြတယ်။တကယ်တမ်းကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်များဟာ လူကို၊ရုပ်တုကို ကိုးကွယ်ခြင်းမဟုတ်ပါဘူး။ဘုရားအဖြစ်ကို ရရှိနိုင်တဲ့ ဥာဏ်စဉ်ကိုကိုးကွယ်ကြတာပါ။ဗုဒ္ဓဘာသာမှာ ပွင့်ခဲ့တဲ့ ဘုရားတွေ အများကြီးရှိပါတယ်။အဲ့ဒီဘုရားတွေအကုန်လုံးက လက်ခံလိုက်နာကျင့်သုံးခဲ့ကြတဲ့ နိဗာန်ရောက်ကြောင်း တရားတော်ကို ကိုးကွယ်ယုံကြည်ကြတာပါ။ဘုရားက နှာခေါင်းချွန်တာ၊ပြားတာ၊ပိန်တာ၊ဖောင်းတာ ဆိုတာတွေက ဆင်းတုထုလုပ်သူတွေရဲ့ စိတ်သဘောနဲ့ပဲ ဆိုင်ပါလိမ့်မယ်။စေတီတော်ကြီးတွေဆိုရင်လည်း စေတီတော်ကြီးကို ကိုးကွယ်ပူဇော်ခြင်း မဟုတ်ပါဘူး။စေတီတော်မြတ်ကြီးတွေကို ရှိခိုးကန်တော့ရင်းနဲ့ မြတ်စွာဘုရားရဲ့ တရားတော်တွေကို စိတ်ကူးနဲ့ပွားများပြီး အာရုံပြုကြတာပါ။ပင်လယ်ထဲကနေ ကမ်းမမြင်၊လမ်းမမြင်နဲ့ အခြေအနေကနေ ရွှေတိဂုံစေတီတော်မြတ်ကြီးကို အာရုံပြုပြီး မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတော်၊တရားတော်များကို စိတ်ထဲကနေ ပွားများပီတိဖြစ်ခြင်းကလည်း ရွှေတိဂုံစေတီတော်ကြီးမှာ ကိုယ်တိုင်ကိုယ်ကျ လာရောက်ဖူးမြော်ပူဇော်နေခြင်းနဲ့ အတူတူပါပဲ။

အဓိကကတော့ သင့်စိတ်ထဲမှာ တစ်ခုခုရှိနေမယ်ဆိုရင် သင့်ရဲ့စိတ်ဟာ အလေးအနက်ရှိနေမယ်။သင့်မှာ ရည်မှန်းချက်တွေ ပန်းတိုင်တွေ ရှိနေမယ်။အဲ ....သင့်ရဲ့စိတ်ထဲမှာ ဘာမှရှိမနေဘူးဆိုရင်တော့ သင့်မှာ ရည်မှန်းချက်တွေ ပန်းတိုင်တွေ မရှိဘဲ သင့်ဘဝက သွားစရာမရှိဘဲ ခြေဦးတည့်ရာလျောက်သွားနေသလို ပေါ့ရွှတ်ရွှတ် ပေါ့ပျက်ပျက်ကြီး ဖြစ်နေတော့မှာပေါ့။
အကောင်းဆုံး အကြံပြုချင်တာကတော့ မည်သည့်ဘာသာဝင်ပဲဖြစ်ပါစေ မိရိုးဖလာ ကိုးကွယ်မှုထက်စာရင် ကိုယ်တိုင်တတ်သိနားလည်အောင် ပြုလုပ်တာကတော့ အကောင်းဆုံးပါပဲ။အဲ့ဒီလို တတ်သိနားလည်အောင် မပြုလုပ်နိုင်ဘူးဆိုရင်လည်း မိမိတို့ဘာသာတရား အဆုံးအမများကို လေးလေးစားစား လိုက်နာကျင့်သုံးခြင်းအားဖြင့် ဘာမှမရှိတဲ့လူတစ်ယောက်လို ပေါ့ပျက်ပျက်ပေါ့သွမ်းသွမ်း မဖြစ်နေနိုင်ပါဘူးလို့ အကြံပြုချင်ပါတယ်ဗျာ။

(အထက်ဖော်ပြပါ အကြောင်းအရာ စိတ်ကူးစိတ်သန်းများအားလုံးဟာ ကျွန်တော်တစ်ဦးတည်းရဲ့ အထင်အမြင်၊အယူအဆများသာ ဖြစ်ပါကြောင်းနဲ့ပိုမိုတတ်သိ နားလည်သောသူများရဲ့ အကြံပေးဆွေးနွေးမှုများကို လေးစားစွာ လက်ခံပါ့မယ်။)

ဘာမှမသိ၊ဘာမှမတတ်သေးတဲ့ မောင်ဖိုးတု
Pt's Thoughts!
(၅.၆.၂၀၁၅)

ဓါတ်ပုံ - အင်တာနက်

Address

Yangon
00951

Website

Alerts

Be the first to know and let us send you an email when H.P.T Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share